မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့လိုက်ရတဲ့ ရော်နယ်ဒို အပေါ် ပထမဆုံးအကြိမ် မှတ်ချက်ပေးလိုက်တဲ့ ကာဆီမီရို

ယူနိုက်တက် ကွင်းလယ်လူ ကာဆီမီရို ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ရော်နယ်ဒို ထွက်ခွာတာကို ဝမ်းနည်းမိကြောင်း ပြောကြားရင်း ရှေ့ဆက် အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ပါ ဆုမွန်ကောင်း တောင်းပေးသွားခဲ့လိုက်ပါတယ် ။

ကာဆီမီရို နဲ့ ရော်နယ်ဒို တို့ ဆိုတာ ရီးယဲ မက်ဒရစ် အသင််းမှာ ကတည်းက အတူ တွဲဖက်ကစားခဲ့ဖူးကြတဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက်တို့ ကွင်းလယ် အတွက် ဘရာဇီးသားကို ခေါ်ယူလိုက်ချိန်မှာ​တော့ ယူနိုက်တက် အသင်းဖော်ပါ ဖြစ်သွားခဲ့ကြပါတယ် ။

ဒါပေမဲ့ သူတို့ရဲ့ ယူနိုက်တက် အသင်းဖော် ကစားသမား ဘဝက သိပ်ပြီးအဓွန့်မရှည်ခဲ့ပါဘူး ။ ဒီလို ဖြစ်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ပီယာ့စ် မော်ဂန် နဲ့ ရော်နယ်ဒို တို့ ပြုလုပ်ခဲ့ကြတဲ့ အကြမ်းစား အင်တာဗျူးကြောင့်ပဲ ဖြစ်ခဲ့ရပါတယ် ။

အဆိုပါ အင်တာဗျူး အစီအစဥ်မှာ ရော်နယ်ဒို က ယူနိုက်တက် အသင်း ပိုင်ရှင်တွေဟာ စီးပွားရေးဆန်သူတွေ ဖြစ်ကြောင်း ၊ ရန်းဂနစ် ဟာ နည်းပြတစ်ဦး မဟုတ်ကြောင််း ၊ အဲရစ် တန်ဟတ် ဟာ သူ့အပေါ် လေးစားသမှု မရှိခဲ့ကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ ယူနိုက်တက် အသင်းပိုင်ရှင် ၊ CEO ၊ အားကစား ဒါရိုက်တာ နဲ့ နည်းပြ တန်ဟတ် တို့ တွေ့ဆုံခဲ့ကြပြီး ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြကာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကာဆီမီရို က အသင်းဖော်နဲ့ နောက်တစ်ကြိမ် လမ််းခွဲခဲ့လိုက်ရပါတယ် ။

အခုတော့ ကာဆီမီရို က သူဟာ အခုထိ ရော်နယ်ဒို နဲ့ စကား မပြောရသေးကြောင်း ၊ ရော်နယ်ဒို ဟာ အတွေ့အကြုံံ ရင့်ကျက်သူ ဖြစ်တဲ့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လမ်းကို ရွေးချယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော် သူနဲ့ ဘယ်လို့ မက်​ဆေ့ပို့ ဆက်သွယ်မှု မှ မလုပ်ရသေးပါဘူး ။ ဒါပေမဲ့ ရော်နယ်ဒို ဆိုတာက အတွေ့ အကြုံ ကြွယ်ဝလွန်းတဲ့ ခမ်းနားတဲ့ ကစားသမား တစ်ဦးပါ ။ သူ့ရဲ့ ကစားသမား ဘဝ အတွက် ဘယ်အရာက အကောင််းဆုံး ဖြစ်နိုင်မလဲဆိုတာ သူသိပါတယ် ”

” ဟုတ်တာပေါ့ ၊ သူ့လို ကစားသမား တစ်ယောက် ထွက််ခွာတော့မယ့်အတွက် ကျွန်တော်တို့ဝမ်းနည်းမိကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေ အခု ပြောနေကြတာက ဘောလုံးသမိုင်းကြောင်းရဲ့အခမ်းနားဆုံးသော ကစားသမား တစ်ဦးအကြောင်း ဖြစ်နေလို့လေ ”

” သူ့ရဲ့ အနာဂတ် အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဥ်တွေက လွဲရင် ကျန်တာတွေ အကုန် အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုလိုက်ပါတယ် ” လို့ ကာဆီမီရို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar