မက္ကဆီကို ကို အနိုင်ရခဲ့တဲ့ ပွဲအပြီး Player of the Match ဆုရှင် မက်ဆီ ရဲ့ ပြောစကားမျာ

အုပ်စု အဖွင့်ပွဲမှာ ဆော်ဒီ အာရေးဘီးယား အသင်းကို အံ့အားသင့်ဖွယ် အရေးနိမ့် ခဲ့ရတဲ့ မက်ဆီ ရဲ့ အာဂျင်တီးနား အသင်းဟာ ဒီနေ့ မနက် မှာ ကစားခဲ့တဲ့ မက္ကဆီကို နဲ့ ပွဲမှာ ဒုတိယပိုင်း သွင်းဂိုးတွေ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။

မက္ကဆီကို နဲ့ ပွဲမှာ အာဂျင်တီးနား အသင်းရဲ့ ကစားပုံဟာ အကောင်းဆုံး အနေအထား မှာ ရှိမနေပေမယ့် နောက်တစ်ဆင့် တက်ရေး အတွက် လိုအပ်နေတဲ့ နိုင်ပွဲကို ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဂိုးတွေကိုတော့ မက်ဆီ နှင့် အန်ဇို ဖာနန်ဒက်ဇ် တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

မက်ဆီ ဟာ ဂိုးဧရိယာ အပြင်ဘက်ကနေ လှလှပပ ကန်သွင်းပြီး အာဂျင် အတွက် ဦးဆောင်ဂိုး ကို သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ် ရဲ့ သွင်းဂိုးကိုလည်း ဖန်တီး ပေးခဲ့ပါတယ် ။ မက်ဆီ ဟာ မက္ကဆီကို နဲ့ ပွဲရဲ့ Player of the Match ကို ရသွားခဲ့သလိုကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးဖန်တီးမှု လုပ်နိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာ ခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ မက်ဆီ က ” ကျနော်တို့ အရှုံးပေး လက်မြှောက်လို့ မရပါဘူး ၊ ပွဲတိုင်းကို ဖိုင်နယ်ပွဲလိုမျိုး သဘောထားပြီး ကစားရပါမယ် ၊ အမှား လုံးဝ လုပ်လို့ မရပါဘူး ။ ပရိသတ်တွေရဲ့ တုန့်ပြန်မှုက ဒီလိုပဲ ရှိမယ် ဆိုတာ ကျနော်တို့ သိထားပါတယ် ၊ ဒါပေမယ့် ကျနော်တို့က အချိန်အကြာကြီး အတူ ရှိလာကြတဲ့ အစုအဖွဲ့ပါ ။ ”

” ဒီနေ့ပွဲမှာလည်း အထူးသဖြင့် ဒုတိယပိုင်းမှာ ကျနော်တို့ ရဲ့ ပုံစံ အစစ်အမှန် ပြန်ရအောင် ကစား နိုင်ခဲ့ပါတယ် ။ ပိုလန် နဲ့ ကစားရမယ့် ပွဲမှာလည်း ဒီပုံစံ အတိုင်း ဆက်လက် ကစားနိုင်ဖို့ လိုအပ်ပါတယ် ။ ပထမပိုင်း အခြေအနေတွေအရ ကျနော်တို့ အတွက် ကစားရ ခက်ခဲ ခဲ့ပါတယ် ၊ နေရာလွတ်တွေ ရှာဖွေ မကစားနိုင်ခဲ့ပါဘူး ။ ”

” ဒုတိယပိုင်းမှာတော့ ကျနော်တို့ ဘောလုံးကို ကြာကြာ ကိုင်ကစားလာနိုင်ပြီး နေရာလွတ်တွေ ရှာဖွေ လာနိုင်ပါတယ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အနားတစ်ဝိုက်မှာ ဘောလုံး ပိုကစားလာနိုင်ခဲ့ပါတယ် ။ အန်ဇို က ကျနော်တို့ အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးပါ ၊ သူ့အတွက် သိပ်ကို ဝမ်းသာ ပျော်ရွင် ရပါတယ် ။ ”

” အန်ဇို ခြေစွမ်းပြ ကစားနိုင်တာကို ကျနော် မအံ့အားသင့်မိပါဘူး ၊သူ့ကို လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း တွေ့နေရတာကြောင့် သူ့အကြောင်း ကျနော် ကောင်းကောင်း သိပါတယ် ၊ သွင်းဂိုး က သူနဲ့ လုံးဝ ထိုက်တန်ပါတယ် ၊ သူက လက်ဖျားခါရလောက်အောင် ကောင်းတဲ့ ကစားသမားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM