မက္ကဆီကိုနဲ့ပွဲမှာ ကစားပုံ မကောင်းခဲ့တဲ့ အာဂျင်တီးနားစတားကို ဝိုင်းဝန်းဝေဖန်လိုက်တဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီး

ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီး တို့ဟာ မနေ့ညက မက္ကဆီကိုနဲ့ပွဲစဉ်မှာ ကစားပုံ မကောင်းခဲ့တဲ့ အာဂျင်တီးနားစတား အန်ဂယ်ဒီမာရီယာကို အပြင်းအထန် ဝေဖန်သွားခဲ့တဲ့ အပြင် ၎င်းဟာ မန်ချက်စတာယူနိုက်တက် သမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ကစားသမား ခေါ်ယူမှုလို့ အမည်တပ်လိုက်ပါတယ်။ ဒီမာရီယာဟာ မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ သူ့ရဲ့ အသင်း အာဂျင်တီးနား လိုမျိုးပဲ poor performance ကို ပြသသွားခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားဟာ မက်ဆီ အန်ဇိုဖာနန်ဒက်စ် တို့ရဲ့ ဒုတိယပိုင်း ဂိုးတွေနဲ့ နိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရီးရဲယ်ကနေ မန်ယူနိုက်တက်ကို ရောက်လာခဲ့သူ ဖြစ်ပြီး ၎င်းအပေါ် ကြီးမားတဲ့ မျှော်လင့်ထားမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီမာရီယာဟာ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘဲ အိုးထရပ်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရကာ တစ်ရာသီအကြာမှာပဲ ပီအက်ဂျီကို ရောင်းထုတ်ခြင်း ခံခဲ့ရပါတယ်။

ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒီမာရီယာဟာ လက်ရှိမျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ မနှစ်က အာဂျင်တီးနားကို ကိုပါအမေရိကဖလားရအောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းဟာ ဒီ ကမ္ဘာ့ဖလားမှာတော့ ပုံစံကောင်းပြသရန် ရုန်းကန်နေရပါတယ်။

အာဂျင်တီးနားတို့ မက္ကဆီကိုနဲ့ ဂိုးမရှိသရေကျနေခဲ့တဲ့ ပထမပိုင်း အပြီးမှာ နဗီးက “ဒီမာရီယာဟာ မန်ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ ကစားသမားတွေထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ရွိုင်ကိန်းက ထပ်မံပြီး “သူဟာ ခင်ဗျားတို့ကို အသဲခွဲနိုင်ပါတယ်။ သူ့မှာတော့ ဒီအရာ ရှိနေတယ်လို့ မထင်ပါဘူး။ ဒီပွဲမှာ သူဟာ ဘာမှကို လုပ်ပြမထားခဲ့ပါဘူး။ သူဟာ ဘောလုံးပျက်ဖို့တော့ အာမခံချက် ပေးနိုင်ပါတယ်။ သူဟာ ပြိုင်ဘက် ကစားသမားတွေထံကို တည့်တည့်ကြီး ပြေးနေကာ ခေါင်းကိုလည်း နည်းနည်းပါးပါး မော့မကြည့်ပါဘူး။ သူ့ရဲ့ ကစားသမားဘဝကို ကြည့်လိုက်ပါ။ သူဟာ ငွေကြေးများစွာနဲ့ အရမ်းကို ကောင်းတဲ့ ကလပ် အပြောင်းအရွေ့တွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းကို ကြည့်ပြီး လူစားလဲပစ်ခံရစေချင်ပါတယ်။ အတွေ့အကြုံရှိ ကစားသမား တစ်ဦးရဲ့ end product နဲ့ ဆုံးဖြတ်ချက်တွေပတော့ ညံ့ဖျင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကိန်း နဲ့ နဗီး တို့ဟာ အာဂျင်တီးနားရဲ့ ပထမပိုင်း ခြေစွမ်းကိုလည်း ဝေဖန်သွားခဲ့ကြပါသေးတယ်။

“ဒါဟာ အာဂျင်တီးနားရော ဟုတ်ရဲ့လားဆိုပြီး ‌တွေးမိပါတယ်။ သူတို့မှာ ရစ်သမ်က လုံးဝ မရှိတဲ့အပြင် pattern of play လည်း မရှိပါဘူး။ သူတို့ဟာ ချန်ပီယံဆုကို ရည်မှန်းနေတဲ့ အသင်း ဖြစ်ပေမယ့် ပထမပိုင်း ကစားပုံကတော့ ညံ့ဖျင်းပါတယ်။ အင်္ဂလန်ဟာ မနေ့ညက ကစားပုံ ညံ့ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာ ရှိနေတဲ့ ကစားသမားတွေကို ဒီအာဂျင်တီးနား ကစားသမားတွေနဲ့ မလဲနိုင်ပါဘူး။” လို့ နဗီးက ဆိုခဲ့ပါတယ်။

ကိန်းက “အာဂျင်တီးနားရဲ့ ကစားပုံ တစ်ချို့ဟာ တကယ် ညံ့ပါတယ်။ ချန်ပီယံရှစ်ပွဲ ကြည့်နေရသလိုပါပဲ။ နည်းပြဟာ ကစသမား အပြောင်းအလဲ ငါးခု လုပ်ခဲ့ပေမယ့် ဘာတုန့်ပြန်မှုမှ မရှိခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM