စောစောကန် စောစောပြုတ် ၊ နောက်တဆင့် မတက်သေးတဲ့ ပွဲရလဒ်တွေ ၊ လေ့ကျင့်ခန်းမဆင်းတဲ့ ဘရာဇီးသားတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

နေညက ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ နောက်တဆင့် တက်နိုင်တဲ့ အသင်းတွေ မထွက်ပေါ် ခဲ့သေးပါဘူး ။ ဒါပေမယ့် အိမ်ရှင် ကာတာ ကတော့ ကမ္ဘာ့ဖလား ကနေ အစောဆုံး ထွက်ရတဲ့ အသင်း ဖြစ်သွားခဲ့ ပါပြီ ။

ကာတာ ဟာ ဆီနီဂေါ ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အုပ်စု ကနေ အစောဆုံး ထွက်ရတဲ့ အိမ်ရှင် အဖြစ်လည်း မှတ်တမ်းဆိုး ပိုင်ဆိုင် သွားခဲ့ ပါတယ် ။

နယ်သာလန် ကတော့ အက်ကွေဒေါ နဲ့ ၁ ဂိုးစီ သရေကျသွားခဲ့ ပါတယ် ။

အက်ကွေဒေါ အတွက် ချေပဂိုး ကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အန်နာ ဗလင်စီယာ ကတော့ အက်ကွေဒေါ ရဲ့ နောက်ဆုံး သွင်ဂိုး ၆ ဂိုးစလုံးကို သွင်းယူ ထားသူ ဖြစ်လာခဲ့ ပါတယ် ။

အုပ်စု ဘီ မှာလည်း ပထမပွဲ ကို နိုင်ထားတဲ့ အင်္ဂလန် ဟာ အမေရိကန် ကို အနိုင် မကစားနိုင်ဘဲ ဂိုးမရှိ သရေ ရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။ အင်္ဂလန် ဟာ ကမ္ဘာ့ဖလား မှာ အမေရိကန် နဲ့ ၃ ကြိမ် ဆုံတွေ့ ထားပြီး တကြိမ်မှ အနိုင် မရရှိ ဖူးသေးပါဘူး ။

အင်္ဂလန် နည်းပြဆောက်ဂိတ် ကတော့ မန်စီးတီး ကြယ်ပွင့်လေး ဖီးလ်ဖိုဒန် ကို လူစားလဲ မထည့်ခဲ့မှုအပေါ် ဝေဖန် ပြောဆို ခံခဲ့ရ ပါတယ် ။

နောက်တပွဲမှာတော့ ဝေးလ် ဟာ အီရန် အသင်းကို ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးတွေကြောင့် ၂-၀ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ဒီပွဲမှာ ဝေးလ် ဂိုးသမား ဟန်နက်ဆီ အနီကတ် ထိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး အနီကတ် ဖြစ်လာခဲ့ပါတယ် ။

အင်္ဂလန် ဟာ ဒုတိယပွဲကို သရေကျခဲ့ ပေမယ့် အုပ်စု နောက်ဆုံးပွဲကို ၃ ဂိုးပြတ် ရှုံးရင်တောင်မှ နောက်တဆင့် ကို တက်ရောက် နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

ဘရာဇီး ရဲ့ အဓိက တိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့် အုပ်စု လက်ကျန် ၂ ပွဲစလုံးကို လွဲချော်ခဲ့ သလိုပဲ မန်ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီ ဟာလည်း ဖျားနာနေမှုကြောင့် မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ပါဝင် မလာ နိုင်ခဲ့ဘူးလို့ သိရပါတယ် ။

ဂိုးသမား အဲလစ်ဆင် ဘက်ကာ နဲ့ ကွင်းလယ်လူ ပါကွေတာ တို့လည်း မပါဝင်ခဲ့ကြဘူးလို့ ကြားသိရပါတယ် ။

ကပ္ပယ်အိတ် ကင်ဆာ ကို ကုသနေတဲ့ ဒေါ့မွန် တိုက်စစ်မှူး ဆီဘတ်စတီယန် ဟေလာ ဟာ နောက်ထပ် အကျိတ်ဖု တခု ကို အောင်မြင်စွာ ခွဲစိတ် ကုသ နိုင်ခဲ့ကြောင်း ပရိသတ်တွေကို အသိပေး သွားခဲ့ ပါတယ် ။

အာဂျင်တီးနား နည်းပြ စကာလိုနိ ကတော့ ဆော်ဒီ နဲ့ ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ အနည်းငယ် ရှိခဲ့တဲ့ မက်ဆီ ဟာ ဒီနေ့ ကစားမယ့် မက္ကဆီကို နဲ့ ပွဲကို ပါဝင်ဖို့ အဆင်သင့် ရှိနေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရှက်တာ ဒိုးနက် အသင်း နည်းပြ ဟာ အာဆင်နယ် ပစ်မှတ် Mudryk ကို အသင်းမှာ ဆက်လက် ကစားဖို့ ပြောဆို ဖျောင်းဖျနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR