သူ့ရဲ့ အောင်ပွဲခံပုံဟာ ရော်နယ်ဒို ကို မလေးမစား လုပ်တာ လုံးဝ မဟုတ်ကြောင်း ဖြေရှင်းလာတဲ့ ဘူကာရေး

ဂါနာ ကြယ်ပွင့် ဘူကာရေး က ပေါ်တူဂီ အသင်းကို ၃- ၂ နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲမှာ သူဟာ ခရစ်တီယာနို ရော်နယ်ဒို ကို မလေးစားတဲ့ အပြုအမူမျိုး လုပ်ခဲ့ခြင်း မရှိကြောင်း ဖြေရှင်း ပြောကြား လာခဲ့ပါတယ် ။

မနေ့က မြန်မာ စံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု H ရဲ့ ဒုတိယ ပွဲစဉ်မှာ ပေါ်တူဂီ အသင်းဟာ ဂါနာ အသင်းကို သုံးဂိုး နှစ်ဂိုး ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒို ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

အဲ့ဒီနောက် အယူး က ဂါနာ အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပေမယ့် သုံးမိနစ် အတွင်း ဖီးလစ် နဲ့ ရာဖေးလ် လီအို တို့က ဂိုးတွေ ဆက်တိုက် သွင်းသွားခဲ့တာကြောင့် ပေါ်တူဂီ တို့ ၃-၁ နဲ့ ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။

ပေါ်တူဂီ အသင်း ဂိုးပြတ် နိုင်ပြီလို့ အားလုံးက ယူဆ ထားချိန်မှာ ရက်စတားဘဲလ်ဂရိတ် တောင်ပံ ကစားသမား ဘူကာရေး ဟာ ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပြီး ဂါနာတို့ အတွက် comeback မျှော်လင့်ချက်ကို ပေးစွမ်း ခဲ့ပါတယ် ။

ဘူကာရေး ဟာ ဂါနာ အတွက် ချေပဂိုး သွင်းယူအပြီးမှာ ပေါ်တူဂီ စတား ရော်နယ်ဒို ရဲ့ နာမည်ကျော်ကြားတဲ့ အောင်ပွဲခံပုံအတိုင်း အောင်ပွဲ ခံခဲ့ပါတယ် ။

အဆိုပါ အောင်ပွဲ ခံပုံဟာ အရန်ခုံကနေ ပွဲကို စိုးရိမ်တကြီး နဲ့ ကြည့်နေတဲ့ ရော်နယ်ဒို ကို မလေးမစား လုပ်တာ ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာနေတဲ့နောက် ဘူကာရေး က ခုလို ဖြေရှင်း လာခဲ့ပါတယ် ။

” ဒီနေ့ ကျနော့် ရဲ့အောင်ပွဲခံပုံက ခရစ်တီယာနို ရော်နယ်ဒို အပေါ် လေးစားမှု မရှိတာလို့ မှတ်ချက် ပေးမှုတွေ ရှိနေတာကို ကျနော် သတိထားမိပါတယ် ။ ဒါတွေက လုံးဝ မမှန်ကန်ဘူးလို့ ပြောချင်ပါတယ် ။ ”

” ကျနော့်ရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက်လည်း ဖြစ်တော့နိုင်ငံ အသင်း အတွက် ဂိုးသွင်း နိုင်ခဲ့တဲ့ အခိုက်အတန့် မှာ အပျော်လွန် သွားခဲ့တာပါ ။ ကိုယ့်ထက်ကြီးတဲ့ စီနီယာ ကစားသမားကို မလေးမစား မလုပ်ဖို့ ကျနော် သင်ယူ ခဲ့ရပါတယ် ၊ ရော်နယ်ဒို လို ကျနော့် ရဲ့ အိုင်ဒေါ ကစားသမား တစ်ဦးကို လုပ်ဖို့ ဆိုတာ ပိုလို့တောင် ဝေးပါသေးတယ် ။ ”

” အားပေးမှု အတွက် အားလုံးကို ကျေးဇူး တင်ပါတယ် ၊ အခု ကျနော်တို့ လာမယ့် ပွဲကိုပဲ အာရုံ စိုက်သွားပါမယ် ။ ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးသား ထားပါတယ် ။

SM