“ရော်နယ်ဒို မို့လို့ ပင်နယ်တီ ပေးတာလား” ပေါ်တူဂီ အသင်းကို ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် အပြင်းအထန် ဝေဖန်လိုက်တဲ့ ဂါနာ နည်းပြ

ဂါနာ အသင်း နည်းပြ အော့တို အက်ဒို က သူတို့ရဲ့ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲမှာ ပေါ်တူဂီ အသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ဟာ ပင်နယ်တီ ပေးရမယ့် အနေအထားမျိုး မဟုတ်ကြောင်း ဝေဖန် ပြောကြား လိုက်ပါတယ် ။

ပေါ်တူဂီ နဲ့ ဂါနာ ပွဲဟာ ပထမပိုင်းမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ် နေခဲ့ပြီး ဒုတိယပိုင်းကျမှ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ခဲ့ရတာပါ ။ ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒို ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဂါနာ နောက်ခံလူ ဆာလီဆူ တစ်ယောက် ရော်နယ်ဒို ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်တယ်ဆိုပြီး ဒိုင်လူကြီး က ပင်နယ်တီ အဖြစ် သတ်မှတ် ပေးခဲ့တာ ဖြစ်ပါတယ် ။ ပင်နယ်တီ ကနေ ဂိုးသွင်း နိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ကစားသမား လည်း ဖြစ်လာခဲ့ပါတယ် ။

အဲ့ဒီနောက် အယူး က ဂါနာ အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပေမယ့် သုံးမိနစ် အတွင်း ဖီးလစ် နဲ့ ရာဖေးလ် လီအို တို့က ဂိုးတွေ ဆက်တိုက် သွင်းသွားခဲ့တာကြောင့် ပေါ်တူဂီ တို့ ၃-၁ နဲ့ ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။ ပွဲပြီးခါနီးမှာ ဘူကာရေး က ဂါနာ အတွက် ဒုတိယမြောက် ချေပဂိုး သွင်းယူ ခဲ့ပေမယ့် သရေရလဒ် ဖြစ်စေမယ့် တတိယမြောက် ချေပဂိုးကိုတော့ Black Stars တို့ သွင်းနိုင်ခဲ့ခြင်း မရှိပါဘူး ။

ပွဲအပြီးမှာတော့ ဂါနာ လက်ရွေးစင် အသင်းနည်းပြ ဟာ အမေရိကန် ကွင်းလယ် ဒိုင်လူကြီး Ismail Elfath ရဲ့ ပင်နယ်တီ ဆုံးဖြတ်ချ​က် အပေါ် ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။ ” ဒိုင်လူကြီး က ပင်နယ်တီ ပေးရမယ့် အနေအထား မဟုတ်တာကို ပင်နယ်တီ ပေးလိုက်ပါတယ် ၊ ဒါကို အားလုံးလည်း မြင်တွေ့ ကြမှာပါ ။ ”

” ဘာကြောင့် ပေးတာလဲ ပြောပါဦး ၊ ရော်နယ်ဒို ဖြစ်နေတာကြောင့်လား ဒါမှမဟုတ် အခြား တစ်စုံတစ်ခုကြောင့်လား ။ ခင်ဗျားတို့ အနေနဲ့ ပင်နယ်တီ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး ဒိုင်လူကြီး ကို တိုက်ရိုက် သွားမေးသင့်ပါတယ် ၊ သူ ဘာကြောင့် ပေးတာလဲ ကျနော့်မှာ သက်သေ ပြစရာ မရှိပါဘူး ။ ”

” ကျနော်တို့က ဘောလုံး ကစားနေကြတာလေဗျာ ၊ ထိတွေ့မှုကတော့ ရှိမှာပါပဲ ။ သူတို့ ပေးကျွေးထားတာ ရှိမရှိ ၊ VAR ဘာကြောင့် ပြန်မကြည့်တာလဲ ကျနော်လည်း မသိပါဘူး ၊ replay ကို ကြည့်ကြည့်ရင် ကျနော်တို့က ဘောလုံး ထိပါတယ် ၊ ပေးချင်တယ်ဆိုရင် ကျနော်တို့ဘက်ကို foul ပေးရမှာပါ ။ ”

” ကစားသမား တစ်ဦး ဂိုးသွင်းရင် congratulations လို့ ပြောပေးနိုင်ပါတယ် ၊ ဒါပေမယ့် ဒီပင်နယ်တီ ဂိုးက ဒိုင်လူကြီး ပေးတဲ့ လက်ဆောင် ပါပဲ ၊ ပင်နယ်တီ မတိုင်ခင်မှာ ပွဲက ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားပါ ၊ ပင်နယ်တီ လည်း ပေးလိုက်ရရော ပွဲက အနည်းငယ် ကြမ်းသွားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM