ဘယ်လင်ဟမ်နဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အဲရစ်ဆင်ရဲ့ ပြောဆိုမှုကို အပြင်းအထန် ဝေဖန်လိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး ဂန္တဝင် ဂျွန်ဘန်းက ဂျူ့ဘယ်လင်ဟမ်ကို အင်္ဂလန် ဂန္တဝင် နှစ်ဦးနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့မှု အပေါ် ဝေဖန်သွားခဲ့ပြီး ဒါဟာ အဓိပ္ပာယ် မရှိကာ ရယ်စရာကောင်းတဲ့ ပြောဆိုချက်လို့ တိုက်ခိုက်လိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အီရန်ကို ၆-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန် အတွက် အထူး ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ လာမည့် နွေရာသီမှာ ဒေ့ါမွန်ကနေ ထွက်ခွာသွားဖို့ များနေပြီး ၎င်းရဲ့ ပြောင်းရွေ့ကြေးဟာ အနည်းငယ် ပေါင်သန်း ၁၀၀ အထက် ရှိလာမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် ကလပ် တော်တော်များများက ဘယ်လင်ဟမ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အင်္ဂလန် မန်နေဂျာဟောင်း ဖြစ်သူ အဲရစ်ဆင်က ဘယ်လင်ဟမ်ရဲ့ စွမ်းရည်ကို ကြည့်ကာ ချဲလ်ဆီး နဲ့ လီဗာပူး ဂန္တဝင်တွေ ဖြစ်ကြတဲ့ လမ်းပတ်နဲ့ ဂျာရတ် တို့ကို ပြန်လည် အမှတ်ရစေတယ်လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန် မန်နေဂျာဟောင်း အဲရစ်ဆင်က “အားလုံးဟာ ဘယ်လင်ဟမ်လို လူငယ်ကြယ်ပွင့် တစ်ဦးကို သူတို့ရဲ့ အသင်းအတွက် လိုချင်ကြမှာပါ။ သူဟာ ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ကစားရတာ တအားကို ခက်ခဲတဲ့သူပါ။ သူ့ကို ကြည့်ပြီး ကျနော် ဖရန့်လမ်းပတ် ပေါလ်စခိုးလ် တို့ကို သတိရမိပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ဒီကစားသမား နှစ်ဦးလိုပဲ ပင်ကိုယ်ပါရမီ‌တွေ ရှိနေလို့ပါ။ သူ့ကို လူကပ်ကစားရတာ တအားကို ခက်ခဲပါတယ်။

ဘယ်သူသိနိုင်မှာလဲဗျာ? ဂျူ့ဘယ်လင်ဟမ်ဟာ ဖရန့်လမ်းပတ် ပေါလ်စခိုးလ် တို့ထက် ပိုကောင်းလာကောင်း လာနိုင်ပါတယ်။ ဂျု့အနေနဲ့ သူတို့လောက် ကောင်းနိုင်မယ်ဆိုရင်လည်း တအားကို ပျော်ရွှင်တဲ့သူ ဖြစ်လာမှာပါ။” လို့ ဆိုသွားပါတယ်။

ဘန်းကတော့ ဒီလို နှိုင်းယှဉ်မှုတွေ အပေါ် သဘောမတွေ့ ဖြစ်နေကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်လင်ဟမ်ရဲ့ ပက်သက်တဲ့ ရွိုင်းကိန်းရဲ့ မှတ်ချက်ကိုလည်း ဒီအတိုင်းပဲ ယူဆနေပါတယ်။

ဘန်းက “သူ့ကို စတီဗင်ဂျာရတ် ဖရန့်လမ်းပတ် တို့လို ကစားသမားတွေနဲ့ ခိုင်းနှိုင်းနေတာတွေဟာ တကယ့်ကို အဓိပ္ပာယ်မဲ့လှတဲ့ အပြင် အတော်လည်း ရယ်စရာကောင်းပါတယ်။ ကျနော်တို့ဟာ သီယိုဝဲလ်ကော့ တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူ ဂျာမနီမှာ ရှိနေတာကို ကျနော် ကြိုက်တာပါ။ အဲဒီမှာ ကစားရခြင်းကြောင့် သူ့ရဲ့ နိမ့်ချမှုဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။

အင်္ဂလန်မှာတော့ လူငယ် ကစားသမားကောင်း တစ်ဦး ပေါ်ထွက်လာပြီ ဆိုရင် အလွန်အကျွံ မြှောက်ပင့်လေ့ ရှိပါတယ်။ တကယ်တော့ ဒီကစားသမားတွေဟာ ဘာမှတောင် မလုပ်ပြရသေးပါဘူး။ ဘယ်လင်ဟမ်ဟာ ကြီးမားတဲ့ အလားအလာ ရှိနေသူပါ။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ။ ဒါပေမယ့် စတီဗင်ဂျာရတ် ၁၅ နှစ်လောက် အကောင်းဆုံး လုပ်ပြထားခဲ့တာတွေကို သိရဲ့သားနဲ့ ဘယ်လင်ဟမ်က ပိုကောင်းတဲ့သူ ဖြစ်လာနိုင်တယ် ဆိုပြီး ဖိအားပေးတာ ကတော့ သူ့အတွက် အကူအညီ မဖြစ်စေပါဘူး။

သူဟာ ဒီကမ္ဘာ့ဖလားမှာ ဘာတွေပဲ လုပ်ပြသည် ဖြစ်စေ ချက်ချင်းဆိုသလို လီယွန်နယ်မက်ဆီ ဖြစ်မသွားပါဘူး။ သူဟာ ရုတ်တရက်ကြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမှာတော့ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM