တော့တင်ဟမ်ကို ပါးပါးလေး ပုတ်ခတ်ရင်း ၊ ဟယ်ရီကိန်းထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂျွန်တယ်ရီ

လက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်တဲ့ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၄၀၈ ပွဲ ကစားထားပြီး ၊ ၂၆၁ဂိုး အထိ သွင်းယူကာ ၊ အကြီးကျယ်ဆုံး တိုက်စစ်မှူး စာရင်းမှာ ပါဝင်လျက်ရှိပါတယ် ။

အသက် ၂၉နှစ် အရွယ်ရှိ ဟယ်ရီကိန်းဟာ တော့တင်ဟမ်မှာ သစ္စာ ရှိရှိ ဆက်ကစားနေပေမယ့် ၊ ၄င်းရဲ့ ကလပ် ကစားသမား ဘဝ တလျှောက် လိဂ်ဖလား ဖိုင်နယ် ၂ကြိမ်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တကြိမ် တက်ခဲ့ဖူးပြီး ၊ ၃ကြိမ်လုံးမှာ ချဲလ်ဆီး ၊ မန်စီးတီးနဲ့ လီဗာပူးတို့ကို အရေးနိမ့်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဟယ်ရီကိန်းဟာ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ဖို့ ကျယ်ကျယ်လောင်လောင် အသံထွက်ခဲ့ဖူးပြီး ၊ အကြောင်း အမျိုးမျိုးကြောင့် မပြောင်းဖြစ်ခဲ့သလို ၊ နောက်ပိုင်းမှာ အန်တိုနီယို ကွန်တီ တော့တင်ဟမ် နည်းပြ ဖြစ်လာအပြီး ၄င်းကို ဆက်လက် ထိန်းသိမ်းဖို့ စည်းရုံးနိုင်ခဲ့ပါတယ် ။

တဖက်မှာ ကိန်းနဲ့ တနိုင်ငံတည်းသား ဖြစ်ပြီး ၊ ကစားသမား ဘဝ မေဂျာဖလား ၁၅ခု ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ၊ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီ ကတော့ တော့တင်ဟမ်မှာ ဆက်နေရင် ကိန်းအဖို့ ဆုဖလား ဆွတ်ခူးခွင့် လုံးဝ ရှိမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

beIN Sport နဲ့ တွေ့ဆုံခဲ့ရာမှာ တယ်ရီ က ” ဟယ်ရီကိန်းမှာ ဆုဖလားတွေ ဆွတ်ခူးလိုတဲ့ ရည်မှန်းချက်တော့ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါကို သူ တော့တင်ဟမ်မှာတော့ လုပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ ရှင်းနေတယ် မဟုတ်လားဗျာ ။ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် ၊ သူ တော့တင်ဟမ်မှာ ဆုဖလားတွေ ဆွတ်ခူးမှာ မဟုတ်ပါဘူး ။ ”

” သူဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး ဖြစ်ပြီး ၊ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ အလိုရှိပါတယ် ။ သူဟာ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံး အသင်းတွေမှာ ကစားချင်ပါတယ် ။ စပါးဟာ ဒီလိုမျိုး မဟုတ်နေပါဘူး ။ စပါးဟာ သူလိုချင်တဲ့ အရာတွေကို ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး ။ ”

” သူ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးဆီ ပြောင်းနိုင်လား ? ကျွန်တော်တော့ အဲလို မြင်မိပါတယ် ။ ” ပြောကြားခဲ့ပါတယ် ။ ကိန်းဟာ လောလောဆယ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဆင်နွှဲလျက်ရှိပြီး ၊ အီရန်နဲ့ အုပ်စု အဖွင့်ပွဲမှာ ဂိုးမရခဲ့ပေမယ့် ၊ ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ် ။

ယနေ့ည အမေရိကန် အသင်းနဲ့ နောက်ထပ် အုပ်စုပွဲမှာ ကာတာ ကမ္ဘာ့ဖလား သွင်းဂိုး စတင် ရရှိဖို့ ကိန်းတယောက် မျှော်မှန်းမှာ သေချာပေမယ့် ၊ ၄င်းကိုယ်တိုင်ကတော့ အသင်း အောင်မြင်ဖို့ အတွက် တသင်းလုံးဆီက သွင်းဂိုးတွေ ရရှိဖို့ လိုအပ်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပ်တယ် ။

ကိန်း က ” ဘယ်လို မေဂျာ ပြိုင်ပွဲမျိုးမှာမဆို ခပ်မြင့်မြင့် အဆင့်တွေအထိ တက်လှမ်းနိုင်ဖို့ အတွက်ဆို တိုက်စစ်မှူးဆီက သာမက ၊ အခြား နေရာက ကစားသမားတွေဆီကနေလည်း ဂိုးတွေ လိုအပ်ပါတယ် ။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို ကောင်းကောင်း စတင်ထားနိုင်ပါတယ် ။ အသင်းသားတွေဟာလည်း အံ့သြဖွယ် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ် ။ ”

” ဂိုးသွင်းနိုင်တဲ့ ၊ ဂိုးဖန်တီးနိုင်တဲ့ ဘယ်သူမဆို ယုံကြည်မှု ပိုမြင်တက်မှာ ဖြစ်ပြီး ၊ ဒီပြိုင်ပွဲမှာ အောင်မြင်ဖို့ အတွက်ဆိုရင်တော့ အသင်းသားတိုင်းဆီက ဂိုးတွေ ကျွန်တော်တို့ လိုပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR