အာရှမြေပေါ်မှာ ရိုနယ်ဒို ခြေစွမ်းပြနိုင်မလား ( World Cup Match Prediction)

ဒီကနေ့ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ ။ အထူးသဖြင့် ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ပရိသတ်တွေပါ ။ ဒီညမှာ သူတို့ရဲ့ Idol ကြီး ဘယ်လို စွမ်းဆောင်ပြနိုင်မလဲဆိုတာကို ကြည့်ဖို့ ရင်ခုန်နေကြမှာပါ ။ ၂၀၁၈ တုန်းက ရိုနယ်ဒို ဟာ သူ့ကို အကျဘက်ရောက်နေပြီလို့ ဝေဖန်သူတွေကို စပိန်ဘက်ကို ဟက်ထရစ် သွင်းပြီး တိတ်ဆိတ်စေခဲ့ပါတယ် ။ အခုတခါရော သူ ဘယ်လို စွမ်းဆောင်ပြဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ ။

ဒီနေ့ရဲ့ အဖွင့်ပွဲကတော့ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲမှာ ကစားမယ့် ဆွစ်ဇာလန် နဲ့ ကင်မရွန်း တို့ရဲ့ ပွဲစဉ်ပါပဲ ။ အီတူး ၊ ဘူဖွန် တို့ အရမ်းညွှန်းနေတဲ့ ကင်မရွန်း ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ရတော့မှာပါ ။

ဆွစ်ဇာလန် က ဒီဘက်နှစ်တွေမှာ အတက်ဘက် ပြနေတဲ့ အသင်းပါ ။ ယူရို တုန်းက ပြင်သစ် ကို ၁၆ သင်းအဆင့်မှာ ဖြုတ်ချ ခဲ့တဲ့ ဆွစ်ဇာလန် ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း နာမည်ကြီး အီတလီ ရဲ့ အထက် ကနေ တိုက်ရိုက် ခြေစစ်ပွဲ အောင်ခဲ့တာပါ ။

 

ပင်နယ်တီဆို အရမ်းကောင်းတဲ့ ဝါရင့် ဂိုးသမားကြီး ယန်း ဆိုမာ ၊ အာဆင်နယ်မှာ ပုံစံကောင်းတွေ ပြနေတဲ့ ဂရန်းနစ် ရှာကာ ၊ မန်စီးတီး ခံစစ်မှူး အကန်ဂျီ ၊ မိုနာကို က တိုက်စစ်မှူး အမ်ဘိုလို တို့က ဆွစ်ဇာလန် ရဲ့ အဓိက အားတွေ ဖြစ်လာမှာပါ ။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ရှာကွီရီ ၊ ရီကာဒို ရိုဒရီဂွက် တို့ကလည်း သူတို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမှာ အပီကြဲဖို့ အဆင်သင့် ဖြစ်နေကြမှာပါ ။

ကင်မရွန်း ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်တွေက တော်တော်လေး ညံ့ပါတယ် ။ ၁ ပွဲတည်းနိုင်ထားပြီး ၂ ပွဲသရေ ၂ ပွဲရှုံးခဲ့တာပါ ။ နိုင်တဲ့ပွဲက ဘူရန်ဒီ လို အသင်းငယ်ကို ၁ ဂိုးတည်း ကပ်နိုင်ထားတာဖြစ်ပြီးတော့ ပါနားမား ၊ ဂျာမေကာ တို့လို အသင်းတွေကိုတောင် အနိုင်မကစားနိုင်ပါဘူး ။ ကင်မရွန်း တိုက်စစ်မှူး ချူပိုမိုတင်း က ဘိုင်ယန်မှာ ဂိုးတွေသွင်းနေပေမယ့် ဘိုင်ယန် နဲ့ ကင်မရွန်း က မတူပါဘူး ။ ဆွစ်ဇာလန် ၁ ဂိုးလောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲလို့ သုံးသပ်မိပါတယ် ။

ဒုတိယမြောက်ပွဲက မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ကစားမယ့် ယူရဂွိုင်း နဲ့ တောင်ကိုရီးယား အသင်းတို့ရဲ့ ပွဲစဉ်ပါ ။ တောင်ကိုရီးယား က ယူရဂွိုင်း ကို ၂၀၁၀ ကမ္ဘာ့ဖလားမှာ ရှုံးကြွေး တင်ထားဖူးပါတယ် ။ အဲ့ဒိတုန်းက ၁၆ သင်းဆင့်မှာ ဆွာရက် ရဲ့ သွင်းဂိုးတွေနဲ့ ယူရဂွိုင်း တို့ နောက်တဆင့် တက်နိုင်ခဲ့တာပါ ။ ဒီအကြွေးကို တောင်ကိုရီးယားတို့ ပြန်ဆပ် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ ။

ယူရဂွိုင်း က တိုက်စစ် နဲ့ ကွင်းလယ် အားကောင်းပြီး ခံစစ်ပိုင်း အားနည်းပါတယ် ။ ဘာဆာ ကြယ်ပွင့် အာရူဟို မပါနိုင်သေးတာကြောင့် ပိုပြီးတော့ အားနည်းမှာပါ ။ ဒါကို ကွင်းလယ်က ဘယ်လောက် လိုက်ပြီး ကာဗာ လုပ်ပေးနိုင်မလဲဆိုတာ အရေးကြီးလာမှာပါ ။

ရီးရဲ ကွင်းလယ်လူ ဗယ်ဗာဒီ က ယူရဂွိုင်း ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပြီးတော့ လီဗာပူး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကလည်း ဆွာရက် ၊ ကာဗာနီ တို့ ဆီက ဂိုးသွင်း တာဝန်တွေကို ပုခုံးထမ်း ပြောင်းယူရမှာပါ ။ ဆွာရက် ၊ ကာဗာနီ တို့ ရဲ့ အကောင်းဆုံး အချိန်တွေမှာ ဆိုရင်တော့ ဒီပွဲ ကို ယူရဂွိုင်း နိုင်ဖို့ သံသယ မရှိပါဘူး ။

ဒါပေမယ့် အခုချိန်က ယူရဂွိုင်း မှာ မျိုးဆက် အပြောင်းအလဲ ဖြစ်နေတဲ့ အချိန်ပါ ။ ဝါရင့်ကြီးတွေ အကျဘက်ရောက်နေပြီး လူငယ် သွေးသစ်တွေ က အကောင်းဆုံးပုံစံကို မရောက်သေးတဲ့ အချိန်ပါ ။ ဗယ်ဗာဒီ တယောက်လောက်ပဲ ထိပ်တန်းဆင့် ကစားပုံကို ပြနေပါသေးတယ် ။ သူတယောက်နဲ့ မလုံလောက်ပါဘူး ။

တောင်ကိုရီးယား ကိုတော့ ဆွန်ဟောင်မင် ဦးဆောင်လာမှာပါ ။ ဒါပေမယ့် ယူရဂွိုင်း ရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံကို ကျော်လွှားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။ ဝုဗ် က ဟွမ်ဟီချန် ၊ နာပိုလီ ခံစစ်မှူး ကင်မင်ဂျေး တို့ကလည်း အားထားရတဲ့သူတွေ ဖြစ်လာမှာပါ ။

၂၀၀၂ ကနေ အခုထိကြားမှာ ကိုရီးယားတို့ ၂ ခါပဲ အုပ်စုကို ကျော်ဖူးပါတယ် ။ ဒီနှစ်လည်း အုပ်စုကနေ လွတ်ဖို့ အလားအလာ သိပ်မရှိပါဘူး ။ ယူရဂွိုင်း က ၁-၀ ၊ ၂-၁ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ် ။

အားလုံးစောင့်မျှော်နေမယ့် ပေါ်တူဂီ ရဲ့ ဂါနာနဲ့ ပွဲစဉ်ကတော့ ည ၁၀ နာရီ မိနစ် ၃၀ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ ။ ဂါနာက အာဖရိကဇုန် ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ နိုက်ဂျီးရီးယား ကို အဝေးဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဝင်ခွင့် ရလာခဲ့တာပါ ။

အသင်းမှာ အန်ဒရေ နဲ့ ဂျော်ဒန် အယူးတို့ ညီနောင် ၊ ဘီဘာအို က အိုင်နာကီ ဝီလ်ယံ နဲ့ အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေး တို့က အမာခံတွေပါ ။ အယူး ညီနောင်က တော့ အသက်ကြီးပြီး အကျဘက်ရောက်နေပါပြီ ။

ပေါ်တူဂီ ကလည်း ခြေစစ်ပွဲတုန်းက ကိုယ့်အခွင့်အရေးကို ကိုယ် အသုံးမချနိုင်ခဲ့လို့ Play-off ကစားပြီးမှ ဝင်ခွင့်ရခဲ့တာပါ ။ ဒါတောင် အီတလီ ခြေချော်သွားလို့ လွယ်လွယ်ကူကူ ရခဲ့တယ်လို့ ပြောနိုင်ပါတယ် ။

လူစာရင်းအရ ပေါ်တူဂီ က အပြတ်အသတ် သာပါတယ် ။ ဘွတ်ကီ အလေးပေးမှုအရလည်း ပေါ်တူဂီ က ၂ ဂိုးလောက် ပြတ်ဖို့ ရှိနေပါတယ် ။ ဘာနာဒိုဆေးလ်ဗား ၊ ဘရူနို ဖာနန်ဒက်စ် ၊ ကန်ဆယ်လို ၊ ဂျာအိုဖိလစ် ၊ ရာဖေးလီယို တို့ရဲ့ ပေါ်တူဂီ တိုက်စစ်က အားကောင်းပါတယ် ။

ဒါပေမယ့် ဒီညမှာ ဝင်ကစားမယ့် ရိုနယ်ဒို နဲ့ အတွဲမိနိုင်ပါ့မလား ဆိုတာ မေးချင်စရာပါပဲ ။ ယူနိုက်တက် မှာ ရိုနယ်ဒို ကို ခေါက်ထားလို့ရပေမယ့် ပေါ်တူဂီ မှာတော့ မရပါဘူး ။ အထူးသဖြင့် အခုလို ကမ္ဘာ့ဖလား ပွဲမျိုးတွေမှာပါ ။ ဒါကြောင့် ရိုနယ်ဒို ခြေပေါ်မယ်မပေါ်ဘူးက အခုပွဲ ရလဒ်ကို သက်ရောက်မှု ရှိလာမှာပါ ။

ရိုနယ်ဒို ခြေပေါ်ခဲ့ရင် သူကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ပြီး အသင်းလည်း နိုင်ပါမယ် ။ ၃ ဂိုး ၁ ဂိုး လောက် ဖြစ်နိုင်ပါတယ် ။ ရိုနယ်ဒို ခြေမပေါ်ရင်တော့ ဖာနန်ဒက်စ် ဖြစ်ဖြစ် ရာဖေး လီယို ရဲ့ ဂိုးနဲ့ပဲ ဖြစ်ဖြစ် တဂိုးလောက် သွင်းပြီး ကပ်နိုင်သွားမှာပါ ။

ရိုနယ်ဒို ကတော့ ကမ္ဘာ့ဖလား ၅ ကြိမ် ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမား ဆိုတဲ့ ဂုဏ်ပုဒ် အတွက် ဒီပွဲမှာ ဂိုးသွင်းချင်စိတ်တွေ ကြီးမားနေမှာပါ ။ ဒါကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ ။

SPORTS MYANMAR