အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရနိုင်မယ့် ရော်နယ်ဒို ကို ခေါ်ဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ဒေးဗစ်ဆီးမန်း

ဂန်းနား ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ်ဆီးမန်း က အာဆင်နယ် အသင်း အနေနဲ့ free agent ဖြစ်နေတဲ့ ခရစ်တီယာနို ရော်နယ်ဒို ကို ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မန်ချက်စတာ ယူနိုက်တက် နှင့် ရော်နယ်ဒို တို့ဟာ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ပေါ်တူဂီသား ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးတာ နဲ့ သူ ကြိုက်တဲ့ အသင်းကို ပြောင်းရွှေ့လို့ ရသွားခဲ့ပြီ ဖြစ်ပါတယ် ။

ရော်နယ်ဒို ဟာ ပီယာစ့်မော်ဂန် နဲ့ အင်တာဗျူးမှာ လက်ရှိ ယူနိုက်တက် နည်းပြ တန်ဟက် ကို လေးစားမှု မထားနိုင်ကြောင်း အတိအလင်း ပြောကြား ခံ့သလို ဂလေဇာ ရဲ့ စီမံ ခန့်ခွဲမှု ညံ့ဖျင်းပုံတွေ အကြောင်း ဝေဖန် ခဲ့တဲ့နောက် နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြတာပါ ။

အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်တဲ့ ပီယာစ့်မော်ဂန် ကတော့ ရော်နယ်ဒို ကို အမ်းမရိတ်မှာ လာကစားဖို့ တောက်လျှောက် ဆွဲဆောင် စည်းရုံး နေပြီး ဒေးဗစ်ဆီးမန်း ကလည်း မော်ဂန် ရဲ့ ကြိုးပမ်းမှု ကို ထောက်ခံ သွားခဲ့ပါတယ် ။

” ရော်နယ်ဒို က ကစားသမားဘဝ ပြီးဆုံးဖို့ အဝေးကြီး လိုနေသေးတဲ့သူပါ ၊ သူက အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ် ၊ သူ လုပ်ခဲ့တဲ့ အင်တာဗျူး အပေါ် ကျွန်တော် ကတော့ ချီးကျူး စကား ဆိုချင်ပါတယ် ။ ”

” သူ အင်တာဗျူးမှာ အမှန်တရားတွေ ပြောသွားခဲ့တာပါ ၊ သူ ပြောသွားတဲ့ အကြောင်းအရာ အတော်များများက ကျနော်တို့ အရင်က မကြားခဲ့ဖူးတဲ့ အကြောင်းအရာတွေပါ ။ ဝါရင့် ကစားသမားတွေ အသင်းရဲ့ကွင်းအနေအထား ၊ လေ့ကျင့်ခန်း အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုတာမျိုး ကျနော်တို့ ကြားခဲ့ဖူးပါတယ် ။ ”

” ရော်နယ်ဒို ကိုယ်တိုင် ပြောလာတော့ ပိုပြီး အံ့ဩ တုန်လှုပ် သွားခဲ့ရပါတယ် ၊ဒါမျိုးက လုံးဝ မဖြစ်သင့်ပါဘူး ၊ ရော်နယ်ဒို က ကမ္ဘာပတ် ကစားလာတဲ့သူဆိုတော့ တခြား နေရာတွေမှာ ဘယ်လို တိုးတက်နေသလဲ ဆိုတာ သူ မြင်သိထားပါတယ် ၊ သူ ယူနိုက်တက် ကို ပြန်လာတော့ အသင်းက ဘာမှ မပြောင်းလဲတာ မြင်တွေ့လိုက်ရတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM