အယ်ဒါဝီရယ်နဲ့ ကွင်းထဲမှာ အချင်းများခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဒီဘရိုင်းနား

ကယ်ဗင်ဒီဘရိုင်းနားက မနေ့ညက ကနေဒါကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ဘယ်ဂျီယံ အသင်းဖော် တိုဘီအယ်ဒါဝီရယ်နဲ့ ကွင်းထဲမှာ အချင်းများခဲ့တဲ့ အကြောင်းရင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဘယ်ဂျီယံဟာ ဘက်ရှုဝါရီရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပေမယ့်လည်း ပွဲချိန် ၁၁ မိနစ်မှာ ကနေဒါ တို့ ရရှိခဲ့တဲ့ ပင်နယ်တီကို အဖွန်ဆိုဒေးဗီးစ် ကန်သွင်းခဲ့ရာမှာ ကော်တွာက ပုတ်ထုတ်ကာကွယ် သွားခဲ့ပါတယ်။

ကနေဒါဟာ ပွဲချိန်တော်တော်များများမှာ ဘယ်ဂျီယံကို အသာစီး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၂၂ ကြိမ်ထိ ရခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဆုံးသတ်တွေ ညံ့ဖျင်းခဲ့တာကြောင့် ဒီလို ရှုံးပွဲကို ကြုံခဲ့ရတာ ဖြစ်ပြီး ဘယ်ဂျီယံရဲ့ ကစားပုံ ကတော့ အားရစရာ လုံး၀ မရှိခဲ့ပါဘူး။ အဆိုပါ ပွဲစဉ်အပြီးမှာ ဒီဘရိုင်းနား က သူ့အနေနဲ့ ဘယ်ဂျီယံရဲ့ အဝေးဘော ကစားပုံ အပေါ် မပျော်မရွှင် ဖြစ်ခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

ဒီဘရိုင်းနားက “ကျနော်တို့ရဲ့ ကစားပုံ မကောင်းခဲ့ပါဘူး။ ကျနော်တို့ ပထမပိုင်းမှာ ကစားကွက်တည်ဖို့ အတွက် အတော်လေး အချိန်ယူခဲ့ရတယ်လို့ ထင်ပါတယ်။ နေရာလွတ်တွေ ရှိနေပေမယ့်လည်း ကျနော်တို့ ဒီနေရာလွတ်တွေကို မရှာနိုင်ခဲ့ပါဘူး။ ပထမပိုင်း အပြီးမှာ ကျနော်တို့ ဒါကို adjust လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားပုံက အနည်းငယ် ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်း တစ်သင်း အနေနဲ့ လုံလောက်တဲ့ ကောင်းမွန်မှုတော့ မရှိခဲ့ပါဘူး။

ဒီ space နဲ့ ပက်သက်ပြီး ကျနော် အယ်ဒါဝီရယ်နဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ မြင်တာထက် နေရာလွတ်တွေကို ပိုရှိနေခဲ့တယ်လို့ ကျနော် ထင်ခဲ့ပါတယ်။ ဒီနေရာလွတ်တွေ ကနေ ပြိုင်ဘက်ရဲ့ စည်းတွေကို ကျော်ဖြတ်သွားလို့ ရပေမယ့် ကျနော်တို့ဟာ အမြင့်ဘော ကစားဖို့ကိုပဲ တအား အားသန်နေခဲ့တယ်လို့ ကျနော် ထင်ခဲ့လို့ပါ။ အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး တစ်ချို့ ဆွေးနွေးမှုတွေဟာ ဘာပြသနာမှ မရှိပါဘူး။ ဘာတွေ ပြောင်းလဲဖို့ လိုအပ်သလဲ ဆိုတာ ကျနော်တို့ သိပါတယ်။ နောက်ဆုံးမှာတော့ အသင်းရဲ့ ကစားပုံဟာ အရေးပါဆုံး အရာတော့ မဟုတ်ခဲ့ပါဘူး။

ကျနော်တို့ရဲ့ ကစားပုံဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် တိုက်ပွဲ၀င်စိတ်ဓာတ်က ကောင်းခဲ့ပါတယ်။ အနည်းဆုံးတော့ ဒီစိတ်ဓာတ်တော့ လိုအပ်ပါတယ်။ အသင်းရဲ့ ကစားပုံ မကောင်းခဲ့ရင်တောင် ဒီစိတ်ဓာတ်နဲ့ နိုင်ပွဲတစ်ချို့ ရနိုင်ပါတယ်။ ကျနော်တို့ ဒီပွဲကနေ လေ့လာသင်ယူသွားရမှာပါ။ ပြီးတော့ လက်တွေ့ကျဖို့လည်း လိုအပ်ပါတယ်။ ကျနော် အပါအ၀င် အားလုံး ဒီထက် ပိုကောင်းဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒီဘရိုင်းနားနဲ့ ကွင်းထဲမှာ အငြင်းအခုန် ဖြစ်ခဲ့မှု အပေါ် မေးမြန်းရာမှာ အယ်ဒါဝီရယ်က “ဒါဟာ ဘောလုံးနဲ့သာ ပက်သက်ပါတယ်။ ဒါဟာ စိတ်ခံစားချက်ကြောင့် ဖြစ်ပါတယ်။ ကျနော်တို့ဟာ အချင်းချင်း choirboy တွေလို ဆက်ဆံဖို့ အတွက် ဒီကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ကျနော်တို့ men တွေ အဖြစ် ရောက်လာခဲ့တာပါ။ ကယ်ဗင်ရဲ့ အမြင်အပေါ် ကျနော် သဘောမတူခဲ့တာပါ။

ဒါဟာ စိတ်ခံစားချက်ကနေ ဖြစ်လာတာပါ။ ဒါကို ကြည့်ရင် ကျနော်တို့ဟာ နိုင်ပွဲရဖို့ အတွက် ဘယ်လို အလုပ်လုပ်နေသလဲ ဆိုတာ တွေ့နိုင်ပါတယ်။ ပွဲရဲ့ အခြေအနေ အရ စိတ်ခံစားမှုတွေ လျှင်မြန်စွာ ပေါက်ကွဲသွားခဲ့တာ ဖြစ်ကာ ဒါဟာ ကျနော်နဲ့ ကယ်ဗင်ကြားမှာ ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ကြားမှာ အိုကေတာထက်ကို ပိုပါတယ်။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM