သူ့ရဲ့ အသင်းဖော်အပေါ် လေးစားသမှု ပိုပြဖို့ ယူနိုက်တက် ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ ပစ်ဖို့ဒ်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဂျော်ဒန် ပစ်ဖို့ ကတော့ လက်ရွေးစင် အသင်းဖော် နောက်ခံလူ ဟယ်ရီ မက်ဂွားယားဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်တဲ့ အတွက် ဝေဖန်မှုတွေကို ကောင်းကောင်း တုန့်ပြန်နိုင်စွမ်းရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ််လာခဲ့သူ အဲရစ် တန်ဟတ်ဟာ အသင်းရဲ့ ဦးစားပေး ခံစစ်မှူးတွေ အဖြစ် လီဆန်ဒရို မာတီနက်ဇ် ၊ ရာဖေးလ် ဗာရန်း နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ကို အသုံးပြု နေခဲ့တဲ့ အတွက် မက်ဂွားယားဟာ စတုတ္ထ ဦးစားပေး ခံစစ်မှူး ဖြစ်လာခဲ့ရပါတယ် ။

ဒီလို ဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းက သူ့ရဲ့ ကစားပုံတွေ လျော့တိလျော့ရဲ ဖြစ်နေမှု ၊ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရမှု ၊ အမှားတွေ မကြာခန ကျူးလွန်နေခဲ့မှုတွေပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါ့ကြောင့် သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးခဲ့ရပါတယ် ။

ဒါပေမဲ့ အခြားတဖက်မှာတော့ ခံစစ်မှူးကောင်း နည်းပါးတယ်လို့ မကြာခန ပြောနေခဲ့တဲ့ ဂါးရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာတော့ သူဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကစားသမား စာရင်းထဲ ပါဝင်ခွင့် ပိုင်ဆိုင်နိုင်ခဲ့သလို ပွဲထွက်ခွင့်တွေလည်း ရယူနိုင်ခဲ့ပါတယ် ။

အခုလည်း သူဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အဖွင့်ပွဲမှာ အဂ်လန် လက်ရွေးစင် အသင်းအတွက် ပွဲထွက်ကစားခွင့် ရရှိနိုင်ခဲ့သလို ဘူကာယို ဆာကာရဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသေးတယ် ။ အခုတော့ အင်္ဂလန် လက်ရွေးစင် ဂိုး သမား ဖြစ်သူ ပစ်ဖို့ဒ် က သူ့ရဲ့ အသင်းဖော် အပေါ် ပိုပြီး လေးစားသမှု ပြသဖို့ ယူနိုက်တက် ပရိသတ်တွေကို တိုက်တွန််း သွားခဲ့လိုက်ပါတယ် ။

” ဘောလုံးသမား ဘဝရဲ့ အစိတ်အပိုင်း တစ်ခုက ဝေဖန်မှုတွေ ခံရခြင်းပါပဲ ။ ဘောလုံးမှာ လူတိုင်းဟာ ဝေဖန်မှု ခံရတာချည်းပဲလေ ။ ဟယ်ရီ ဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ဝေဖန်မှုတွေကို ခံယူနိုင်သူ တစ်ဦး ဖြစ်ပေမဲ့ ဒီထက် ပိုပြီးတော့ လေးစားသမှုတွေ လက်ခံရရှိသင့်ပါတယ် ”

” သူ့ရဲ့ ကိစ္စကတော့ အနည်းငယ် မမျှတဘူးလို့ ထင်မိပါတယ် ။ ကွင်းထဲက သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ သူ ဘာကြောင့် လက်ရွေးစင် အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ အများကြီး ရသလဲဆိုတာရဲ့ အဖြေပါပဲ ။ ပြီးတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင််လည်း ဖြစ်နေတယ်လေ ”

” ဟယ်ရီဟာ မယုံကြည်နိုင်ဖွယ် စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့ပါတယ် ။ အီရန် နဲ့ ပွဲတုန်းကလည်း အဖွင့်ဂိုးအတွက် ကောင်းမွန်တဲ့ ပေးပို့မှု လုပ်နိုင်ခဲ့သလို ဒုတိယဂိုးကိုလည်း ဖန်တီးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် သူဟာ အသင်းအတွက် ပင်နယ်တီတောင် ရယူပေးနိုင်ခဲ့သင့်ပါတယ် ”

” ကျွန်တော်နဲ့ ဟယ်ရီတို့ကြားမှာ ခမ်းနားတဲ့ဆက်ဆံရေး ရှိနေပါတယ် ။ ကျွန်တော် လက်ရွေးစင် အသင်းအတွက် ကစားရတဲ့ပွဲတွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော့် အရှေ့မှာ ဟယ်ရီ အမြဲ ရှိနေခဲ့တာကို တွေ့ရပါလိမ့်မယ် ။ ကျွန််တော်တို့ တွဲဖက် ကစားပုံ ကောင်းမွန်ခဲ့ရပါတယ် ” လို့ ပစ်ဖို့ဒ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar