ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ချဲလ်ဆီးထံ မက်ဆေ့ခ်ျ ပေးရင်း ၊ ယင်းပေါ်တူဂီသား ဇန်နဝါရီမှာ ပြောင်းရွှေ့သင့်တဲ့ ကလပ်ရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဖရန့်လီဘို့ဖ်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုတို့ တမြန်နေ့ကပဲ တရားဝင် statement ကိုယ်စီထုတ်ကာ ၂ဦး၂ဖက် လမ်းခွဲသွားပြီးနောက် ၊ free agent ဖြစ်သွားတဲ့ ၄င်းကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူမယ့် ကလပ်တွေ အနေနဲ့ အခုကတည်းက အပြောင်းအရွှေ့ အကြောင်း ကြိုဆွေးနွေးခွင့် ရှိလာပါပြီ ။

မနေ့က The Telegraph သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် ဖြစ်သူ မတ်လောရဲ့ ဖော်ပြချက် အရ ပြီးခဲ့တဲ့ နွေတတွင်း ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ချဲလ်ဆီးဟာ လက်ရှိ အချိန်မှာတော့ အလွတ်နဲ့ ရသည့်တိုင် ၄င်းကို ခေါ်ယူ စာချုပ်ချုပ်ဖို့ အစီအစဉ် မရှိသေးကြောင်း သိရပါတယ် ။

အခြား ပရီးမီးယားလိဂ် ကလပ်တွေမှာလည်း အားထားရတဲ့ တိုက်စစ်မှူး ကိုယ်စီ ရှိနေတာကြောင့် ၊ ချဲလ်ဆီးမှ မဟုတ်ရင် ၊ ရော်နယ်ဒို အနေနဲ့ ဥရောပ တလွှားမှ အခြား အင်အားကြီး ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ် ။

ယခုနှစ် ရာသီ မန်ချက်စတာ ယူနိုက်တက်မှာ ပွဲကစားခွင့် ပုံမှန် မရခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ကစားခွင့်ပါ ပျောက်ဆုံးထားတာကြောင့် ရော်နယ်ဒိုဟာ လာမယ့် ဇန်နဝါရီ အတွင်းမှာ ချန်ပီယံလိဂ် အပြင် ကစားခွင့် အသင့်အတင့် ကမ်းလှမ်းမယ့် ကလပ်ဆီသာ ပြောင်းရွှေ့ဖို့ အလိုရှိမှာ သေချာပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းဟောင်း အတွက် ဆန္ဒရှိခဲ့ဖူးပေမယ့် ၊ အခုအခါမှာတော့ ဘာကြောင့် ၄င်းကို မခေါ်စေချင်တော့တဲ့ အကြောင်း ရှင်းပြရင်း ၊ လက်ရှိမှာ ရော်နယ်ဒို ပြောင်းရွှေ့ဖို့ အသင့်လျော်ဆုံး ကလပ်ကိုပါ အခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။

ESPN နဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ခင်ဗျားတို့ သိကြလား ? ပြီးခဲ့တဲ့ နွေရာသီတုန်းက ချဲလ်ဆီးဟာ ရော်နယ်ဒိုကို ခေါ်ဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ သွင်းဂိုး မှတ်တမ်းတွေကြောင့် တိုက်စစ်အတွက် သူ့ကို ခေါ်နိုင်ခဲ့ရင် ချဲလ်ဆီး အတွက် ကောင်းမှာပဲလို့ ကျွန်တော် တွေးခဲ့ဖူးပါတယ် ။ ”

” လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်က တခုခု လိုအပ်နေတာ အားလုံး အမြင်ပါပဲ ။ ဒါပေမယ့် ဒီရာသီ သူ ဖြစ်ပျက်နေတဲ့ အနေအထားအရ ကျွန်တော် သူ့ကို ချဲလ်ဆီးမှာ မြင်တောင် မမြင်ချင်ပါဘူး ။ ခင်ဗျားဟာ ရော်နယ်ဒိုကို ခေါ်ရင် သူ့အတွက် သီးသန့်ဆိုပြီး ပွဲဗျူဟာ အခင်းအကျင်း ပြန်ပြီး ပြင်ဆင်ရပါတယ် ။ ”

” သူက ကွင်းထဲမှာ ရှိနေရင် ခင်ဗျားဟာ သူ့အတွက် ကစားပေးရပါတယ် ။ ဒီအကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး ။ အရင်ကလို သူ့မှာ ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းတွေ မရှိတော့ပါဘူး ။ သူ့အပေါ် လေးစားမှု အပြည့်ထားတယ် ဆိုပေမယ့် ၊ သူဟာ အရင်တုန်းက ရော်နယ်ဒို မဟုတ်တော့ပါဘူး ။ ”

” ဒါက သိသာထင်ရှားလွန်းပြီး ကျွန်တော်တို့ အားလုံးလည်း ဒါကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးပါပြီ ။ ငယ်ဘဝကလပ် စပို့တင်း လစ္စဘွန်းဆီ ပြန်သွားပြီး ကစားသမား ဘဝကို အသစ်တဖန် ပြန်စတာက သူ့အတွက် အိုင်ဒီယာကောင်း ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR