ပြိုင်ဖက် အပေါ် မလေးမစား လုပ်ခဲ့တဲ့ ဂျာမန် စတား တဦးကို ဦးတည် ဝေဖန်လိုက်တဲ့ ဒီဒီဟာမန်း

မနေ့ည က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု E မှ ဂျာမနီ အသင်းနဲ့ ဂျပန် အသင်းတို့ရဲ့ ပွဲဟာ တမြန်နေ့က အာဂျင်တီးနား – ဆော်ဒီအာရေးဘီးယား ပွဲနဲ့ ဆင်တူခဲ့ပြီး ၊ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နေပြီးမှ ၊ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရကာ ၊ နောက်ထပ် အင်အားကြီး တသင်း ရှုံးပွဲတွေ့သွားခဲ့ရပါတယ် ။

ချေပဂိုး မပေးရခင် အထိ ဂျာမနီဟာ ခြေစွမ်း အသာစီးနဲ့ underdog ဂျပန်ကို လွှမ်းမိုး ကစားနိုင်ခဲ့ပေမယ့် အီလ်ကိုင် ဂွန်ဒိုဂန်ရဲ့ ပင်နယ်တီဂိုး တဂိုးသာ စွမ်းဆောင်နိုင်ခဲ့တာကြောင့် ၊ အခွင့်အရေးတွေကို အပြည့်အဝ အသုံးမချနိုင်ခြင်းရဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ် ။

ဂျပန်ကတော့ counterpress နည်းစနစ်ကို အသုံးပြုသွားခဲ့ပြီး ၊ ဂျာမန်တို့ကို ရှေ့ဆီ ဘောလုံး မြန်မြန်မပေးနိုင်အောင် တားဆီးခဲ့ကာ ၊ တချက်ထိ အမြန်ပေး စနစ်နဲ့ အငိုက်မိနေခဲ့တဲ့ ဂျာမန် ခံစစ်ကို ထိထိရောက်ရောက် တန်ပြန်ထိုးစစ် ဆင်ခဲ့ပါတယ် ။ သွင်းဂိုး ၂ဂိုးလုံးဟာ ဂျပန်တို့ နည်းဗျူဟာ ကြေညက်ထားခြင်းကို သိသိသာသာ ဖော်ညွှန်းခဲ့ပါတယ် ။

ဂိုးသမား ဖြစ်သူ မန်နူရယ် နူအာက လွဲရင် ဂျာမန် ခံစစ် အတော်လေး ညံ့ဖျင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ပွဲထွက် ဗဟို ခံစစ် အတွဲက အန်တိုနီယို ရူဒီဂါနဲ့ ရှလော်တာဘက်ခ်တို့ အကြား နားလည်မှု တစက်မှ မရှိတဲ့ပုံကို မြင်တွေ့ခဲ့ရပါတယ် ။ ရှုံးနေတဲ့ အချိန်မှာတောင် ဂျာမန် ခံစစ်က ဆိုးရွားတဲ့ ဘောလုံး ပေးပို့ပုံတွေ လုပ်ခဲ့ပါသေးတယ် ။

ပြိုင်ဖက်ကို လျှော့တွက်ခဲ့ပြီး ၊ ဂျပန်ဖက်ကို ချေပဂိုး မပေးရခင် ရူဒီဂါရဲ့ ခြေထောက် မြောက်ကြွမြောက်ကြွနဲ့ အပြေးဟန်ကလည်း လူအချို့ အတွက် အမြင်ကတ်စရာ ၊ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ် ။ ၂၀၀၂ ကမ္ဘာ့ဖလား ဆင်နွှဲခဲ့ဖူးတဲ့ ဂျာမန် ကစားသမားဟောင်း ဒီဒီဟာမန်းကတော့ ရူဒီဂါရဲ့ ယင်းအပြုအမူ အပေါ် အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။

RTE နဲ့ တွေ့ဆုံခဲ့ရာမှာ ဟာမန်း က ” ဘောလုံးကို ဂိုးစည်းအပြင် ရောက်အောင် လုပ်ရမှာ ရူဒီဂါ သိခဲ့ပြီး ၊ ဒီအတွက် သူဟာ ခြေထောက် မြောက်ကြွမြောက်ကြွ လုပ်ပြခဲ့ပါတယ် ။ ပြိုင်ဖက် အပေါ် ဒီလောက် အထိ သူ အထင်မသေးခဲ့သင့်ပါဘူး ။ ဘာလို့လဲဆိုတော့ တကွေ့ကွေ့မှာ ခင်ဗျားရဲ့ ဒီအပြုအမူကို ခင်ဗျားကို ပြန်ပြီး ခြောက်လှန့်တတ်လို့ပါပဲ ။ ”

” ကျွန်တော်ကတော့ ဒါဟာ ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ပဲ ထင်ပါတယ် ။ မဆီမဆိုင် ဒီလိုမျိုး သွားလုပ်ခဲ့တာလို့ပဲ ထင်ပါတယ် ။ မာနထောင်လွှားလွန်းပြီး ၊ ဒီလို အပြုအမူမျိုးမှာ ဘာလေးစားသမှုမှ ရှိမနေခဲ့ပါဘူး ။ ဒီလုပ်ရပ်ကို လုပ်မိစဉ်က သူ ရယ်ကောင်းရယ်နိုင်ပေမယ့် ၊ အခုတော့ ရယ်နေတဲ့ အသင်းက တသင်းတည်း ရှိပါတယ် ။ ”

” ဒါကို လူဘယ်နှဦး ထောက်ပြ ပြောကြမလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါကိုပဲ highlight ထားချင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက လုံးဝ လက်ခံစရာမရှိလို့ပါ ။ ပြိုင်ပွဲရဲ့ အဓိက သဘောတရားထဲမှာ လေးစားမှု ဆိုတာ ပါဝင်ပါတယ် ။ ”

” သူဟာ ပြိုင်ဖက် အပေါ် လေးစားမှု မထားခဲ့ပါဘူး ။ ဒီတော့ အဲဒီ အတွက် သူ ပြန်ပြီး ပေးဆပ်ခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျာမနီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်က ပြုတ်ခဲ့ရပြီး ၊ ထိုစဉ်ကလည်း အာရှ အသင်း တသင်း ဖြစ်တဲ့ တောင်ကိုးရီးယားကို ရှုံးနိမ့်ပါတယ် ။

တဖက်မှာ အုပ်စုတွင်း အနီးကပ် ပြိုင်ဖက် စပိန်ဟာ မနေ့ည နှောင်းပိုင်းက ကော်စတာရီကာကို ၇ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့် ၊ ဂျာမန်တို့ အတွက် ပိုစိုးရိမ်စရာ ဖြစ်ခဲ့ရပြီး ၊ လက်ကျန် ၂ပွဲလုံးမှာ တမှတ်မှ လျော့လို့ မဖြစ်တဲ့ အနေအထားဆီ ရောက်ရှိသွားပါတယ် ။

SPORTS MYANMAR