ဂျပန် အသင်းက ဂျာမနီ အသင်းကို အနိုင်ရမယ်ဆိုတာကို ဂိုးရလဒ်ပါ အတိအကျ ခန့်မှန်း နိုင်ခဲ့တဲ့ ချဲလ်ဆီး ကစားသမားဟောင်း

ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးကတော့ အုပ်စု အဖွင့်ပွဲစဉ်မှာတင် ပရိသတ်တွေကို အံ့ဖွယ် ရလဒ်တွေ ပေးစွမ်း နေခဲ့ပါပြီ ။ တစ်နေ့က ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အာဂျင်တီးနား အသင်းဟာ ဆော်ဒီအာရေးဘီးယား အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အရေးနိမ့် ခဲ့ရသလို မနေ့က ပွဲမှာလည်း ဂျာမနီ အသင်းဟာ ဂျပန် အသင်းကို အရေးနိမ့် ခဲ့ရပြန်ပါတယ် ။

ဂျာမနီ အသင်းဟာ ပထမပိုင်းမှာ အသာစီး နဲ့ ကစားပြီး ဂန်ဒိုဂန် ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂျပန် အသင်းရဲ့ လူစားဝင် ကစားသမားတွေက ချေပဂိုး နဲ့ အနိုင်ဂိုး ပြန်လည်သွင်းယူ ခဲ့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဟောင်းဂျာမနီ တို့ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရပါတယ် ။

အဖွင့်ပွဲမှာ ရှုံးပွဲ ကြုံတွေ့ ခဲ့ရတဲ့ ဂျာမနီ နဲ့ အာဂျင်တီးနား အသင်း နှစ်သင်း စလုံးဟာ ပထမပိုင်းမှာ ပင်နယ်တီနဲ့ ဦးဆောင်ထားနိုင်နေရာကနေ ဒုတိယပိုင်းမှာ ဂိုးတွေ ပြန်ပေးရပြီး ရှုံးပွဲ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ် ။

ဂျပန် အသင်းက ဂျာမနီ အသင်းကို အနိုင်ရမယ်လို့အများစုက မထင်မှတ်ထားကြပေမယ့် ဂိုးရလဒ်ကိုပါ အတိအကျ ခန့်မှန်းနိုင်ခဲ့တဲ့ နာမည်ကြီး ပုဂ္ဂိုလ် တစ်ဦး ရှိနေပါတယ် ။ သူကတော့ BBC ရဲ့ Pundit တစ်ဦး ဖြစ်တဲ့ ချဲလ်ဆီး ကစားသမားဟောင်း ခရစ်ဆပ်တန် ပါ ။

ခရစ်ဆပ်တန် ဟာ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ် အားလုံးကို ခန့်မှန်းရာမှာ ဂျပန် Vs ဂျာမနီ ပွဲရလဒ် ကို ခုလို ခန့်မှန်း သုံးသပ် ခဲ့တာ ဖြစ်ပါတယ် ။ ” အသင်းတွေရဲ့ ကမ္ဘာ့အဆင့် ကို ကြည့်ပီး လူတွေက အုပ်စု B က အကြပ်ဆုံး အုပ်စုလို့ ပြောနေကြပါတယ် ၊ ဒါပေမယ့် အုပ်စု E က မှ တကယ် ခက်ခဲမယ့် အုပ်စုပါ ။ ”

” ပရိသတ်တွေ အများစုကတော့ စပိန် အသင်း နဲ့ အတူ ဂျာမနီ အသင်း က ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်မှန်း ထားကြမှာပါ ။ ဒါပေမယ့် ဂျပန် အသင်းကို လုံးဝ အထင်သေးလို့ မရပါဘူး ၊ ဂျပန် အသင်းမှာ အရည်အသွေး ပြည့်ဝပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမား အချို့ ရှိပါတယ် ။ ”

” ဂျာမနီ အသင်း နဲ့ ပတ်သက်ပြီး ကျနော် သေချာပေါက် မပြောနိုင်ပါဘူး ၊ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဂျာမနီ အသင်း ရဲ့ ခြေစွမ်းပိုင်းက တည်ငြိမ်မှု မရှိခဲ့ပါဘူး ၊ ဒါကြောင့် ဂျပန် အသင်းမှာ အခွင့်အရေး ရှိတယ်လို့ ဆိုချင်ပါတယ် ၊ ဂျပန် အသင်း ၂-၁ နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းချင်ပါတယ် ။ ” လို့ သုံးသပ် ခဲ့တာပါ ။

SM