ကာတာမြေပေါ်က ဆမ်ဘာတေးသွားတို့ရဲ့ အဖွင့်ပွဲစဉ်အတွက် ခန့်မှန်းချက်

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ရဲ့ ၅ ရက်မြောက်နေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ ။ ဒီနေ့ဟာဆိုရင်ဖြင့် အုပ်စု ပွဲစဉ် ၁ ပြီးဆုံးမယ့် နေ့လည်း ဖြစ်ပါတယ် ။ ဒီကနေ့မှာတော့ ပရိသတ်တွေ အထူး စိတ်ဝင်စားမယ့် ပွဲကောင်းတွေ ပါဝင်လို့ နေပါတယ် ။ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ပေါ်တူဂီ ၊ ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် နဲ့ လီဗာပူး ပရိသတ်တွေ အထူးအားပေးကြမယ့် ယူရဂွိုင်း ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အပြင်

အခုနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တစ်ပေးခံထားရတဲ့ ကမ္ဘာ့ဖလား ၅ ဆုရှင် ဘရာဇီး အသင်းတို့ရဲ့ ပွဲစဉ်တွေ ပါဝင်လို့ နေပါတယ် ။

အခုတင်ဆက်ပေးသွားမှာကတော့ ဒီနေ့ ပွဲစဉ်တွေထဲက စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်မယ့် ဘရာဇီး အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အကြောင်းပါပဲ ။

ကိုပါအမေရိက ဖလား ဗိုလ်လုပွဲမှာ အဂျင်တီးနားကို ရှုံးပြီး ဖလား လက်လွှတ်လိုက်ရပြီးကတည်းက ဘရာဇီး တို့ ပြိုင်ပွဲ အရပ်ရပ်မှာ ရှုံးပွဲ လုံး၀ မရှိတော့ပါဘူး ။ နောက်ဆုံး ၅ ပွဲမှာ ၁၈ ဂိုးအထိ သွင်းထားပြီး ၂ ဂိုးပဲ ပြန်ပေးခဲ့ရပါတယ် ။ ဒါကြောင့်လည်း အခု ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတာပါ ။

ဘရာဇီးဟာ တိုက်စစ် အားသန်တဲ့ ၄-၂-၃-၁ ကစားကွက်ကို သုံးလေ့ ရှိပါတယ် ။ တောင်ပံ တဘက်စီမှာ ဗီနီဆီယပ် ဂျူနီယာ နဲ့ ရာဖင်ညာ တို့ ပွဲထွက်လာနိုင်ပါတယ် ။

နေမာ က ကွင်းလယ် တိုက်စစ် နေရာကနေ ဘရာဇီး ရဲ့ ကစားကွက် ကို အဓိက ပုံဖော်မှာပါ ။ အထောင် တိုက်စစ် နေရာကိုတော့ ဂါဘရီရယ် ဂျေဆု ကို သုံးမလား ရစ်ချလီဆင် ကို သုံးမလား ဆိုတာ နည်းပြကြီး တီတေး ဆုံးဖြတ်ရမှာပါ ။ ကွင်းလယ် ကတော့ ပါကွေတာ နဲ့ ကက်စမဲရိုး တို့ ဖြစ်ဖို့များပါတယ် ။

ဒါနီလို ၊ အဲလက်စ် ဆန်ဒရို ၊ မာကွင်ဟိုစ့် နဲ့ အီဒါ မီလီတို တို့ ၄ ယောက်ကတော့ တီတေး ရဲ့ အမာခံ နောက်တန်း ကစားသမားတွေပါပဲ ။ ဂိုးသမားနေရာကို လီဗာပူး က အဲလစ်ဆင် ဘက်ကာ ထည့်ကစားသွားမှာပါ ။

ဆားဘီးယား ရဲ့ လူစာရင်းကလည်း မခေပါဘူး ။ ရိုနယ်ဒို ရဲ့ ပေါ်တူဂီ ကို ခြေစစ်ပွဲမှာ နောက်ကောက်ချပြီး အုပ်စု ပထမ နဲ့ တိုက်ရိုက် ခြေစစ်ပွဲအောင်ခဲ့တဲ့ ဆားဘီးယား ဟာ အခု ကမ္ဘာ့ဖလား ရဲ့ ဖြတ်မြင်း တသင်း ဖြစ်လာမယ်လို့ သုံးသပ်ခံထားရပါတယ် ။

ဆားဘီးယား ဟာ ခြေစစ်ပွဲ မှာ ရှုံးပွဲ လုံး၀ မရှိခဲ့ပါဘူး ။ ဥရောပ နေးရှင်းလိဂ် မှာလည်း အုပ်စု ပထမ နေရာကို ရယူ နိုင်ခဲ့ပြီး နောက်တနှစ် ပြိုင်ပွဲမှာ လိဂ် အေ ကို တန်းတက်ရတော့မှာပါ ။

ဝါရင့်ကြီး ဒူဆန် တာဒစ် ဦးဆောင်လာမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ ဖီအိုရင်တီးနား ခံစစ်မှူး မီလန်ကိုဗစ် ၊ လာဇီယို ကွင်းလယ်စတား ဆဗစ် ၊ ယူဗင်တပ် က ဖိလစ် ကော့စ်တစ် ၊ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ် နဲ့ ယူဗင်တပ် ရဲ့ အဓိက တိုက်စစ်မှူး ဗလာဟိုဗစ် တို့ ပါဝင်နေတဲ့ ဆားဘီးယား ဟာ တကယ် တောင့်တင်းတဲ့ လူစာရင်းလို့ ပြောနိုင်ပါတယ် ။

ဒါပေမယ့် ဘရာဇီး ရဲ့ လယ်ဗယ် က ဆားဘီးယား ရင်ဆိုင်ခဲ့ရဖူးတဲ့ အသင်းတွေအားလုံးထက် ပိုမြင့် ပါတယ် ။ ကစားပုံချင်း ကလည်း တခြားစီပါ ။ ဘရာဇီး မှာ တကိုယ်တော် အစွမ်း အရမ်းကောင်းတဲ့ ဘောလုံးသမားတွေ အများအပြား ရှိနေပြီး ဆားဘီးယား ခံစစ်ကို တယောက်ချင်းရော အတွဲလိုက်ပါ မွှေနှောက် ဒုက္ခပေးနိုင်ပါတယ် ။ ပေါ်တူဂီ ကို နိုင်ခဲ့တဲ့ ပွဲတုန်းက ဆားဘီးယား ခြေကောင်းလွန်းလို့ မဟုတ်ဘဲ ပေါ်တူဂီ ဘက်က အခွင့်အရေးတွေ ကို အသုံးမချ နိုင်ခဲ့လို့ပါ ။ ဘရာဇီး ကတော့ ဒီလို ဖြစ်ဖို့ မသေချာပါဘူး ။

နေမာ ၊ ဗီနီဆီယပ် တို့က ဆားဘီးယား အတွက် တကယ့် အန္တရာယ်တွေ ဖြစ်လာမှာပါ ။ ဆားဘီးယား တိုက်စစ်မှာ လူကောင်းတွေ ရှိနေပေမယ့် ဘရာဇီး တိုက်စစ်ကိုပဲ ခုခံနေရဖို့ များပါတယ် ။ ဂိုးအရမ်းပြတ်ဖို့ အလားအလာ သိပ်မများပေမယ့် ဘရာဇီး ရဲ့ အနေအထားက နှာတဖျား ဆိုတာထက် ပိုပြီး အသာပေးလို့ရပါတယ် ။ ၂-၀ ၊ ၂-၁ ၊ ၃-၁ က ဒီပွဲအတွက် အကြိုက်ဆုံး ရလဒ်တွေပါပဲ ။

SPORTS MYANMAR