ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းတွေ ရုန်းကန်ရလေ့ရှိတဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဒရော့ဘာ

ချဲလ်ဆီး ဂန္တ၀င် ဒီဒီယာဒရော့ဘာက ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အာဖရိကအသင်းတွေ ဘာကြောင့် အမြဲတစ်စေ ရုန်းကန် နေရသလဲ ဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဖရိက အသင်း ဆိုတာ မရှိခဲ့ဘဲ အများဆုံး ကွာတားဖိုင်နယ် ကိုသာ တက်ရောက်နိုင်ခဲ့ကာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာလည်း ဒီမှတ်တမ်းက ပြောင်းလဲသွားဖို့ အခြေအနေမှာ မရှိပါဘူး။

အာဖရိကဖလား ချန်ပီယံ ဆီနီဂေါဟာ ချဲလ်ဆီး ကစားသမားတွေ ဖြစ်ကြတဲ့ ကူလီဘာလီ နဲ့ မန်ဒီ တို့အပြင် တောင့်တင်းတဲ့ လူအင်အားကို ပိုင်ဆိုင်ထားတာကြောင့် ဒီတစ်ကြိမ်မှာတော့ အဆိုပါ မှတ်တမ်းကို ချိုးဖျက်နိုင်လိမ့်မယ်လို့ လူတွေ ထင်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ဆာဒီယိုမာနေးကို ဆုံးရှုံးလိုက်ရတာ ကတော့ ဆီနီဂေါ အတွက် ကြီးမားတဲ့ ထိခိုက်မှုကို ဖြစ်စေခဲ့ကာ အဆိုပါ မျှော်လင့်ချက်တွေဟာ လျှင်မြန်စွာနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။

မာနေး မပါ၀င်မှုဟာ နယ်သာလန်နဲ့ ပွဲမှာတင် အတော်လေးကို သိသာခဲ့ပြီး ဆီနီဂေါဟာ သွင်းဂိုး မရဘဲ ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အာဖရိကတိုက်နဲ့ ပက်သက်ပြီး positive ဖြစ်ခဲ့တာတွေတော့ ရှိခဲ့ပြီး တူနီးရှား နဲ့ မော်ရိုကို တို့ဟာ ဒိန်းမတ် နဲ့ ခရိုအေးရှား တို့ကို ဂိုးမရှိသရေ ကစားနိုင်ခဲ့တာ ဖြစ်ပြီး ကင်မရွန်း နဲ့ ဂါနာ တို့ကတော့ ပထမပွဲကို မကစားရသေးပါဘူး။ ဥရောပနဲ့ တောင်အမေရိက အသင်းတွေဟာ ပုံမှန်အားဖြင့် ရေပန်းအစားဆုံး ဖြစ်နေခဲ့ပေမယ့် အာဖရိက အသင်းတွေဟာ ဒီဖလားကို စိန်ခေါ်နိုင်မှု မရှိခဲ့တဲ့ အချက်ကတော့ mystery အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒရော့ဘာ ကိုယ်တိုင်ကလည်း ၂၀၀၆ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ အိုင်ဗရီကို့စ်ကို ကိုယ်စားပြု ကစားခဲ့ပေမယ့် ၃ ကြိမ်စလုံး အုပ်စုကနေ ထွက်ခဲ့ရပါတယ်။

အာဖရိက အသင်းတွေ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ အတွက် ရုန်းကန်နေရတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ရာမှာ ဒရော့ဘာက “ခင်ဗျားတို့ ဆီနီဂေါ vs နယ်သာလန် ပွဲစဉ်ကို ကြည့်လိုက်ပါ။ အဲဒီပွဲစဉ်မှာ ဆာဒီယိုမာနေး ပါ၀င်ခဲ့မယ် ဆိုရင်တောင် ဆီနီဂေါရဲ့ ကစားပုံက ကျနော်တို့ မြင်ခဲ့ရတာထက် အများကြီး ကောင်းလာဖို့ ဆိုတာ ခက်ခဲပါတယ်။ ကမ္ဘာ့ဖလားဟာ အာဖရိက အသင်းတွေ အတွက် အရမ်းကို ခက်ခဲပါတယ်။ သူတို့မှာ တစ်ဦးကောင်း တစ်ယောက်ကောင်းတွေ ရှိနေပါတယ်။ သူတို့ဟာ ကလပ်တွေမှာ တအားကို ကောင်းတဲ့ ကစားသမားတွေပါ။ အထူးသဖြင့် ဥရောပမှာ ကစားနေတဲ့သူတွေပေါ့။

ဒါပေမယ့် ဒီလူတွေကို စုဖွဲ့လိုက်တဲ့ အခါမှာတော့ မန်နေဂျာ အတွက် မှန်ကန်တဲ့ system နဲ့ ရစ်သမ်ကောင်းကို ရှာဖွေဖို့ ပိုမို ခက်ခဲသွားခဲ့ပါတယ်။ မှန်ကန်တဲ့ နေရာမှာ မှန်ကန်တဲ့ သူတွေကို ထားကစားဖို့ နဲ့ ဒီလို level မျိုးမှာ ကစားတဲ့ အခါ လိုအပ်တဲ့ intensity ကို ဆက်ထိန်းထားနိုင်အောင် လုပ်ရတာ ခက်ခဲမှုတွေ ရှိနေပါတယ်။” လို့ ရှင်းပြသွားပါတယ်။

ကမ္ဘာ့ဖလားမှာ ၀င်ရောက် ကစားနေတဲ့ အသင်းတွေဟာ မတူညီတဲ့ ကလပ်က ကစားသမားတွေနဲ့ စုဖွဲ့ထားတာ မှန်ပေမယ့် အာဖရိက အသင်းတွေကတော့ ဒီနေရာမှာ extreme ဖြစ်နေပါတယ်။ ဥပမာအားဖြင့် တူနီးရှားတို့ ရွေးချယ်ခဲ့တဲ့ ကစားသမား ၂၆ ဦးဟာ တိုက်ကြီး ၃ တိုက်ရဲ့ နိုင်ငံ ၁၃ နိုင်ငံမှာ ကစားနေကြသူတွေ ဖြစ်ပြီး ဂျာမနီနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဟန်ဆီဖလစ်ရဲ့ အသင်းသားတွေဟာ ဥရောပရဲ့ နိုင်ငံ ၃ နိုင်ငံမှာ ကစားနေတဲ့ သူတွေကိုပဲ အခြေခံကာ ရွေးခဲ့တာ ဖြစ်ပါတယ်။

SM