အွန်နရီရဲ့ စံချိန်ကို လိုက်မှီသွားတဲ့ ဂျရူးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ လိုရစ်

မနေ့ည နှောင်းပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု D ရဲ့ အဖွင့်ပွဲ တပွဲ ဖြစ်တဲ့ နာမည်ကြီး ပြင်သစ်နဲ့ သြစတြေးလျ အသင်းတို့ရဲ့ ပွဲမှာ လက်ရှိ ချန်ပီယံတို့ အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၊ ၄ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးဟာ လက်ရွေးစင် သွင်းဂိုးပေါင်း ၅၁ဂိုး ပြည့်မြောက်ခဲ့တာကြောင့် ၊ ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီရဲ့ လက်ရွေးစင် သွင်းဂိုး စံချိန်ကို လိုက်မှီသွားပြီ ဖြစ်ပါတယ် ။

မကြာသေးခင်ကမှ ပြင်သစ်ဟာ ၄င်းတို့ အားထားရတဲ့ Ballon D’Or ဆုရှင် ကာရင် ဘန်ဇီမာကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပေမယ့် ၊ အသက် ၃၆နှစ် အရွယ်ရှိ ဂျရူးက ၄င်းရဲ့ နေရာကို အကောင်းဆုံး အစားထိုးပြထားနိုင်ပြီ ဖြစ်ပါတယ် ။

ဂျရူးဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပြိုင်ပွဲ တလျှောက် တဂိုးမှ မသွင်းနိုင်ခဲ့ပေမယ့် ၊ အခု ကမ္ဘာ့ဖလားမှာတော့ သွင်းဂိုး ၂ဂိုးနဲ့ လှလှပပ ဖွင့်နိုင်ခဲ့ပါတယ် ။ ပြင်သစ် လက်ရွေးစင် ဂိုးသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဟူဂို လိုရစ်ကတော့ အွန်နရီ စံချိန်ကို လိုက်မှီသွားတဲ့ ဂျရူးနဲ့ ပတ်သက်ပြီး အခုလိုပဲ မှတ်ချက်ပြု ချီးကျူးသွားခဲ့ပါတယ် ။

ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လိုရစ် က ” ကျွန်တော်ကတော့ အိုလီဗီယာဟာ ချီးကျူးမှုတွေ အများကြီး ရဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ် ။ သူဟာ ဘောလုံးမှာ ဘယ်တော့မှ အရှုံးမပေးတတ်သူ ဆိုတဲ့ သာဓက တခု ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း သူဟာ လက်ရွေးစင် အသင်းမှာ ပါလိုက် မပါလိုက် ဖြစ်ခဲ့ပေမယ့် ၊ ဘယ်တော့မှ အာရုံစိုက်မှု လျော့ကျမသွားပါဘူး ။ ”

” ဒါက အရေးကြီးပါတယ် ။ သီယာရီ အွန်နရီရဲ့ သွင်းဂိုးမှတ်တမ်းကို လိုက်မှီသွားတာက သူ့အတွက် ကြီးကျယ်တဲ့ တဦးချင်း အောင်မြင်မှု ဖြစ်ပါတယ် ။ အနာဂတ်မှာ သူ ဒီစံချိန်ကိုပါ ကျော်ဖြတ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ အသင်း အတွက်က ဒါဟာ ကောင်းတဲ့ အစ ဖြစ်ပြီး ၊ တိုက်စစ်မှူး တယောက် ဖြစ်တဲ့ သူ့အတွက်တော့ ဂိုး၂ဂိုး ရခဲ့တာ အရမ်းကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ပြင်သစ်ဟာ ဒဏ်ရာ ပြဿနာ အချို့ကြောင့် ချန်ပီယံ ကျိန်စာဆိုး ဆက်သင့်မလား ဆိုတာ စိုးရိမ်စရာ ဖြစ်ခဲ့ပေမယ့် ၊ ဦးဆောင်ဂိုး ပေးခဲ့ရသည့်တိုင် ချန်ပီယံဆုကို ကာကွယ်မယ့် အသင်းသဖွယ် တုန့်ပြန် ကစားနိုင်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း လိုရစ်က အခုလိုပဲ တုန့်ပြန် ဖြေကြားသွားပါတယ် ။

လိုရစ် က ” အရေးပါတဲ့ သော့ချက် တခုက ပြိုင်ဖက်ကို ဂိုးစပေးပြီးပြီးချင်း တည်တည်ငြိမ်ငြိမ် ရှိဖို့ ဖြစ်ပါတယ် ။ ကျွန်တော်တို့မှာ လူငယ် ကြယ်ပွင့် အမြောက်အမြား ပါဝင်ပေမယ့် ၊ တဖက်မှာလည်း အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေတာကြောင့် ၊ မျှတမှုရှိတဲ့ အစုအဖွဲ့လို့ မြင်ပါတယ် ။ ”

 

” ဒါကို တကယ့် ပွဲချိန် အတွင်း ကျွန်တော်တို့ ခံစားမိပါတယ် ။ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ခြေလှမ်းကောင်း တရပ် စလှမ်းနိုင်ခဲ့ပြီး ၊ အခုတော့ ဒိန်းမတ်နဲ့ ပွဲအတွက် ကျွန်တော်တို့ ဆက်လက် ပြင်ဆင်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR