အာဂျင် ရဲ့ Upset ၊ ချန်ပီယံရဲ့ ဖိုးဝမ်း ၊ ရိုနယ်ဒိုရဲ့ လမ်းခွဲ ၊ ကလပ်အသင်းဘက်အကြောင်းအရာတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်တွေမှာတော့ အားလုံး အံ့အားသင့်ရတဲ့ ပွဲတပွဲ ပါလာခဲ့ ပါတယ် ။ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး တသင်း ဖြစ်တဲ့ အာဂျင်တီးနား ဟာ အိမ်ဖြည့် အသင်းလို့ သတ်မှတ် ထားတဲ့ ဆော်ဒီအာရေဗျ ကို ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အာဂျင်တီးနား အတွက် မက်ဆီ က ပင်နယ်တီ ကနေ ဂိုးသွင်းပေး ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆော်ဒီ က ၂ ဂိုး ပြန်သွင်းပြီး အံ့ဖွယ် နိုင်ပွဲ ကို ယူဆောင်ခဲ့တာ ဖြစ်ပါတယ် ။

ဆော်ဒီ ဟာ ဒီသမိုင်းတွင်မယ့် နိုင်ပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီကနေ့ ကို တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ် ပေးကြောင်း ဆော်ဒီ အစိုးရက ကြေညာ အသိပေးသွားခဲ့ ပါတယ် ။

အခြားပွဲစဉ်တွေမှာတော့ ဒိန်းမတ် နဲ့ တူနီးရှား ၊ ပိုလန် နဲ့ မက္ကဆီကို တို့ ဂိုးမရှိသရေ ရလဒ်တွေ ထွက်ပေါ် ခဲ့ကြပါတယ် ။

လက်ရှိချန်ပီယံကြီး ပြင်သစ်ကတော့ အဖွင့်ပွဲမှာ ဩစတြေးလျ ကို ၄-၁ နဲ့ အနိုင် ကစားသွားခဲ့ပါတယ် ။ ပြင်သစ် အတွက် ဂျီရူး က ၂ ဂိုး သွင်းပေးခဲ့ပြီး ရာဘီယော့ နဲ့ ဘာပေ တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ၂ ဦး ၂ ဘက် သဘောတူ စာချုပ် ဖျက်သိမ်းကာ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာ သွားခဲ့ ပါတယ် ။

ဒါကြောင့် ရိုနယ်ဒို ဟာ ကမ္ဘာ့ဖလား အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်ကစားတော့မှာ မဟုတ်ဘဲ အသင်းသစ် ရှာဖွေ ရတော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စပို့တင်း လစ္စဘွန်း ၊ ချဲလ်ဆီး နဲ့ အမေရိက မေဂျာလိဂ် တို့ဟာ ရိုနယ်ဒို ရဲ့ နောက်ထပ် နယ်မြေသစ်တွေ အဖြစ် အလေးပေးခံထားရပါတယ် ။

အာဆင်နယ် နဲ့ အင်္ဂလန် အမျိုးသမီး အသင်းတို့ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဘတ်မိဒ် ဟာ အရွတ်စုတ်ပြဲ ဒဏ်ရာ ရရှိ သွားပြီး အကြာကြီး နားရတော့မှာ ဖြစ်တာကြောင့် လာမယ့် ၂၀၂၃ ခုနှစ် အတွင်း ကျင်းပမယ့် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုပါ လွဲချော်နိုင်တဲ့ အလားအလာတွေ ရှိလာခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဂျာမန် ဘောလုံးအဖွဲ့ချုပ် ဟာ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ဖိအားပေး တားမြစ်ခဲ့တဲ့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဖီဖာ ဟာ လက်ရှိ ကျင်းပနေတဲ့ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ LGBTQ လှုပ်ရှားမှုတွေ မပြုလုပ်ဖို့ လက်ရွေးစင် အသင်းတွေကို ဖိအားပေးခဲ့ပြီး သက်တန့်ရောင် လက်ပတ်တွေကို မဝတ်ဆင်ဖို့ ၊ ဘယ်လ်ဂျီယံ ဂျာစီ ကုတ်သားမှာ ပါဝင်တဲ့ “Love” စာသားကို ဖြုတ်ထားဖို့ အထိ ဖိအားပေးခဲ့တယ်လို့ သိရှိရ ပါတယ် ။

စပါး ကို ပြောင်းရွှေ့လာတဲ့ နောက်ခံလူ ဒီဂျတ် စပန့်စ် ဟာ ပွဲကစားချိန် နည်းပါးမှု အတွက် စိတ်မကျေမနပ် ဖြစ်နေပြီး အနာဂါတ် အတွက် မေးခွန်းထုတ် ခဲ့တယ်လို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး ကတော့ နည်းပြကြီး ပက် ဂွာဒီယိုလာ ကို ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုဖို့ ၂ ဦး ၂ ဘက် အလုံးစုံ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရှိရ ပါတယ် ။

အီရန် နဲ့ ပွဲအပြီးမှာ ဒဏ်ရာ ရတယ်လို့ သတင်းထွက်ခဲ့တဲ့ ဟယ်ရီကိန်း နဲ့ ဟယ်ရီ မက်ဂွဲယား တို့ဟာ မနေ့က ပြုလုပ်တဲ့ ပြန်လည် အားဖြည့် လေ့ကျင့်ခန်း အစီအစဉ်ကို ပါဝင်ခဲ့ကြပါတယ် ။ ဒါပေမယ့် ဂျိမ်းစ် မက်ဒီဆင် ကတော့ မနေ့ကအထိ အင်္ဂလန် အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းသေးပါဘူး ။

ရိုးမား ဟာ နော်ေ၀ ကလပ် ဘိုဒို ဂလင့် ဂိုးသမား အိုလာ ဆိုဘာကန် ကို ကို ၄ နှစ် ခွဲ စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီလို့ လည်း သိရပါတယ် ။

 

SPORTS MYANMAR