ရော်နယ်ဒိုကို ဘန်လေဆီ ခေါ်ချင်သလား ဆိုတဲ့ အမေး အပေါ် ခပ်ပေါ့ပေါ့ပဲ တုန့်ပြန် ဖြေကြားလိုက်တဲ့ ကွန်ပနီ

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပေါ်တူဂီ စူပါစတား တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ပီးယာ့စ် မော်ဂန်နဲ့ နာမည်ကြီး အင်တာဗျူး ကိစ္စ အပြီးမှာ ၂ဦး ၂ဖက် သဘောတူ လမ်းခွဲလိုက်ကြကြောင်း မနေ့ကပဲ ကိုယ်စီ တရားဝင် statement ထုတ်ပြန်သွားခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းရဲ့ Top Scorer ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်ရာသီ နည်းပြသစ် အဲရစ် တမ်ဟဂ် လက်အောက်မှာ ခြေစွမ်း ဆိုးဆိုးရွားရွား ကျဆင်းနေသလို ၊ တမ်ဟဂ်ဆီကနေ မျှတမှု ၊ လေးစားမှု ရှိတဲ့ ဆက်ဆံမှုမျိုး မရတဲ့ အကြောင်း ယင်းအင်တာဗျူးမှာ ပစ်မှတ်ထား ပြောဆိုခဲ့ပါတယ် ။

ထို အင်တာဗျူး အပြီး မန်ယူနိုက်တက်ဖက်က ရော်နယ်ဒို အပေါ် ပြင်းပြင်းထန်ထန် statement ထုတ်ခဲ့ပြီး ၊ နည်းပြ ဖြစ်သူ တမ်ဟဂ်နဲ့ ကျန်ကစားသမားတွေ အပေါ် ထောက်ခံမှု အပြည့်ပေးချင်တာကြောင့် စာချုပ် မပြည့်ခင်မှာပဲ ၄င်းကို အသင်းကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ရော်နယ်ဒိုဟာ လက်ရှိ ကမ္ဘာ့ဖလား အပြီး လာမယ့် ဆောင်းရာသီ စျေးကွက်မှာ free agent ကစားသမား ဖြစ်လာသလို ၊ ကမ္ဘာ့ဖလား ကျင်းပနေစဉ် အတွင်း ၄င်းကို ခေါ်ယူဖို့ ကြိုးစားမယ့် ကလပ်တွေနဲ့ ကြိုတင် အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ပြီ ဖြစ်ပါတယ် ။

မန်စီးတီး ဂန္တဝင် ခံစစ်မှူးဟောင်းလည်းဖြစ် ၊ လက်ရှိ ဘန်လေ အသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ ဗင်းဆင့် ကွန်ပနီကတော့ မနေ့က ပြင်သစ် – သြစတြေးလျ ကမ္ဘာ့ဖလားပွဲ မတိုင်မီ BBC Sport ရဲ့ အစီအစဉ်မှာ ရော်နယ်ဒိုကို ခေါ်ချင်သလား ဆိုတဲ့ အမေး အပေါ် အခုလိုပဲ တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။

ကွန်ပနီ က ” ရော်နယ်ဒိုကို ခေါ်မလား ? ကျွန်တော်တို့ဟာ မနားတမ်း ပြေးလွှားကစားမယ့် ကစားသမားတွေပဲ အလိုရှိပါတယ် ။ ဒီအနေအထားမှာ ဘယ်သူတွေ အမြတ်ရခဲ့လဲ ? မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဖြစ်သူကလွဲပြီး ကျန်တဲ့ဖက်ပေါင်းစုံက အရှုံးပေါ်ခဲ့တယ်ပဲ ပြောရမှာပါ ။ ”

” ဒါပေမယ့် သူတို့ဟာ ပြဿနာ တရပ်တော့ ဖြေရှင်းနိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ် ။ ဒီကနေ သူတို့ ရှေ့ဆက်ပြီး လုပ်စရာရှိတာ လုပ်သွားမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လက်ရှိ အချိန်မှာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းက ထိပ်ဆုံးက ရေပန်းစားနေပေမယ့် ၊ လီယွန်နယ် မက်ဆီ ရှိနေတဲ့ ပီအက်စ်ဂျီကလည်း ၄င်းကို မခေါ်ယူနိုင်ဘူးလို့ ယတိပြတ် ကောက်ချလို့ မရပါဘူး ။

အထူးသဖြင့် ပြင်သစ် စူပါစတား ကီလီယန် အမ်ဘတ်ပေ ဟာ လာမယ့် ရာသီ ပီအက်စ်ဂျီကနေ ထွက်ခွာနိုင်တဲ့ အလားအလာမျိုး ရှိတာကြောင့် ရော်နယ်ဒို ပီအက်စ်ဂျီကို ဦးတည်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ မနေ့ည က ပွဲမှာတော့ အမ်ဘတ်ပေဟာ ပြင်သစ် အတွက် တဂိုးသွင်း ၊ တဂိုးဖန်တီးကာ ခြေစွမ်းပြသွားခဲ့ပါတယ် ။

အမ်ဘတ်ပေနဲ့ ပတ်သက်ပြီးလည်း ကွန်ပနီ က ” ဒီလို ခံစားချက်မျိုးကို ခင်ဗျားကို ပေးစွမ်းနိုင်တဲ့ ကစားသမား အနည်းငယ်ပဲ ရှိပါတယ် ။ ရော်နယ်ဒင်ဟို ၊ မက်ဆီ ၊ ရော်နယ်ဒိုတို့လောက်ပေါ့ ။ ဒီအတွက် ခင်ဗျားမှာ ဘာဖြေရှင်းချက်မှ မရှိပါဘူး ။ သူ့လို အရည်အသွေးမျိုးနဲ့ ကစားသမား တယောက်ကို ကန့်သတ် ပိတ်ပင်ဖို့ ခက်ပါတယ် ။ ”

” နောက်နှစ် သူ ပီအက်စ်ဂျီကနေ ထွက်ခွာနိုင်လား ? ကျွန်တော်ကတော့ သူ ထွက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ် ။ ဒါပေမယ့် သူဟာ ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးချင်နေတာပါ ။ ဒါသာ အမှန်တကယ် ဖြစ်မြောက်လာရင် သူ့အတွက် အများကြီး အဓိပ္ပာယ် ရှိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR