ရိုနယ်ဒို အတွက် ဆုတောင်းပေးရင်း မန်ချက်စတာယူနိုက်တက် တို့ရဲ့ လမ်းခွဲမှုကို ဝိန်းရွန်းနီ သုံးသပ်မှတ်ချက်ပေး

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ၂ ဦး သဘောတူ လမ်းခွဲမှု နဲ့ ပတ်သက်ပြီး သူ့ အနေနဲ့ အံ့သြစရာ ဘာမှ မရှိပါဘူးလို့ ဝိန်းရွန်းနီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်ကို ကမ္ဘာ့ဖလား ကျင်းပနေတဲ့ အချိန် အတွင်းမှာပဲ ၂ ဦး ၂ ဘက် သဘောတူ ဖျက်သိမ်းခဲ့ပြီး အသင်း လက်မဲ့ ကစားသမား တယောက် ဖြစ်လို့ သွားခဲ့ပါပြီ ။

ရိုနယ်ဒို ဟာ ကမ္ဘာ့ဖလား မစခင် တပတ် အလိုမှာ ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး ကို လွှင့်တင် ခဲ့ပြီး ဝေဖန် ပြောဆိုမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ ပါတယ် ။ ဒီအထဲ မှာ အသင်းပိုင်ရှင်တွေ ရဲ့ ပံ့ပိုးမှု အားနည်းတာ ၊ အသင်းက အဆင့်မြှင့်တင်မှုတွေ ဘာမှ မပြုလုပ်ထားတာ စတဲ့ ကောင်းတဲ့အကြောင်းတွေ ပါခဲ့သလို သူ့အပေါ် ဝေဖန်ပြောဆိုမှုတွေ ၊ နည်းပြ နဲ့ အဆင်မပြေတဲ့ အကြောင်းအရာတွေ ကိုပါ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

အဆိုပါ အင်တာဗျူး ဟာ ယူနိုက်တက် အသိုင်းအဝိုင်းကို လှုပ်ခတ် ခဲ့ပြီး ရိုနယ်ဒို နဲ့ ယူနိုက်တက် တို့ လမ်းခွဲ ကြတော့မှာကို အားလုံး ကြိုမြင်ခဲ့ကြပါတယ် ။ မနေ့ညမှာတော့ ဒီတွေးထင် ထားမှုတွေဟာ အမှန်တကယ် ဖြစ်လာခဲ့ ပါပြီ ။

ရိုနယ်ဒို မန်ချက်စတာ ယူနိုက်တက် မှာ ပထမဆုံးအကြိမ် ကစားခဲ့စဉ်တုန်းက အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ဝိန်းရွန်းနီ ကတော့ ဒီလို ရလဒ် ထွက်လာမှု အတွက် မအံ့သြကြောင်းနဲ့ ရိုနယ်ဒို ရဲ့ အင်တာဗျူး ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ( ရိုနယ်ဒို နဲ့ စာချုပ်ဖျက်သိမ်းဖို့ ) ရွေးချယ်စရာ လမ်းမရှိအောင် ဖြစ်စေခဲ့တယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

“ကျွန်တော် အံ့အားသင့်မိလား ? လုံးဝပါပဲ ။ ကလပ်ဘက်က ရွေးစရာ လမ်းမရှိတော့ပါဘူး ။ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ နာမည်ကောင်း ၊ မှတ်တမ်းကောင်းတွေ ရှိခဲ့တဲ့သူပါ ၊ ဒီလိုမျိုး လမ်းခွဲရတာ ရှက်စရာပါပဲ ။ ကျွန်တော် ကတော့ သူ ဘယ်ကိုပဲ ရောက်ရောက် အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”

ရွန်းနီ ဟာ ရိုနယ်ဒို အင်တာဗျူးထဲမှာ ထည့်ပြော ဝေဖန်ခဲ့တဲ့သူတွေ ထဲက တယောက်ဖြစ်ခဲ့ ပါတယ် ။ ရွန်းနီ ဟာ အင်တာဗျူး မထွက်လာခင် တုန်းက ရိုနယ်ဒို ရဲ့ ခြေစွမ်း ဟာ အကျဘက် ရောက်နေတာကြောင့် ပွဲ မကစားရတာ သင့်တော် မှန်ကန်တဲ့ အရာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုခဲ့ဖူးပါတယ် ။

ရိုနယ်ဒို ကတော့ ရွန်းနီ ဟာ သူ့ကို မနာလိုနေတာ ဖြစ်နိုင်တယ်လို့ အင်တာဗျူးမှာ ( ဟာသလုပ် ) ပြောဆိုခဲ့ သလို ရွန်းနီ တို့ သားအဖ နဲ့ သူ့သား ( ကိုင် ရွန်းနီ နဲ့ ရိုနယ်ဒို ဂျူနီယာ တို့ဟာ ယူနိုက်တက် လူငယ် အသင်းမှာ အတူ ကစားနေသူတွေ ဖြစ်ပါတယ် ) တို့ အကြောင်းတွေ ကိုလည်း အင်တာဗျူးမှာ ထည့်ပြောဆိုခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ကမ္ဘာ့ဖလား အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြန်ကစားတော့မှာ မဟုတ်ဘဲ အသင်းသစ် ရှာဖွေ ရတော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စပို့တင်း လစ္စဘွန်း ၊ ချဲလ်ဆီး နဲ့ အမေရိက မေဂျာလိဂ် တို့ဟာ ရိုနယ်ဒို ရဲ့ နောက်ထပ် နယ်မြေသစ်တွေ အဖြစ် အလေးပေးခံထားရပါတယ် ။

SPORTS MYANMAR