ရိုနယ်ဒို ရဲ့ ထွက်ခွာမှု အပေါ် မှတ်ချက်အသီးသီးပေးခဲ့ကြတဲ့ အလန်ရှီးယား နဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ ၂ ဦး သဘောတူ စာချုပ် ဖျက်သိမ်းတဲ့ သတင်းဟာ မနေ့ည တုန်းက အာဂျင်တီးနား အသင်းရဲ့ ကမ္ဘာ့ဖလား ရှုံးပွဲကိုတောင် ဖုံးလွှမ်း သွားခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ လွန်ခဲ့တဲ့ ၂ ပတ်ခန့်က ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အကြောင်း ၊ ပိုင်ရှင် နဲ့ ဘုတ်အဖွဲ့တွေ ရဲ့ အသင်းအတွက် မဖြည့်ဆည်းပေးမှုတွေ ၊ လက်ရှိ အသင်းသားတွေ နဲ့ အသင်းဖော်ဟောင်းတွေ ၊ နည်းပြ ရန်းနစ် နဲ့ တန်ဟတ် တို့ အကြောင်းတွေကို ထုတ်ဖော် ပြောဆို ဝေဖန်ခဲ့ ပါတယ် ။

ဒီ အင်တာဗျူး ထွက်ပေါ် လာ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ဘက်က ရိုနယ်ဒို ကို တုန့်ပြန်ဖို့ ပြင်ဆင် ခဲ့ပြီး နောက်ဆုံးမှာတော့ ၂ ဦး သဘောတူ စာချုပ်ဖျက်သိမ်း သွားခဲ့ ပါတယ် ။ ဒါကြောင့် ယူနိုက်တက် ဟာ ရိုနယ်ဒို ရဲ့ တပတ် လုပ်ခ ပေါင် ၅ သိန်း ကို ဆက်လက် ပေးချေ ရတော့မှာ မဟုတ်ပါဘူး ။

ပရီးမီးယားလိဂ် ရဲ့ ထာဝရ ဂိုးသွင်းရှင်ကြီး အလန် ရှီးယား ကတော့ ရိုနယ်ဒို ဟာ သူ ဖြစ်ချင်တဲ့အရာ ကို ရရှိ သွားခဲ့ပြီ လို့ ပြောဆိုခဲ့ ပါတယ် ။

“သူ အင်တာဗျူး လုပ်ရတဲ့ အကြောင်းအရင်းက ဒါပါပဲ ( စာချုပ်ဖျက်သိမ်းခံရဖို့ ) ။ ဒီ အင်တာဗျူး ထွက်လာအပြီးမှာ ဒီကိစ္စ က ရှောင်လွှဲလို့ မရတော့ပါဘူး ။ အခု ဘယ်ချန်ပီယံလိဂ် ကလပ် က သူ့ကို ခေါ်ချင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ” လို့ အလန်ရှီးယားက ပြောဆိုသွားခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ဟောင်း ရီယို ဖာဒီနန် ကတော့ ရိုနယ်ဒို ရဲ့ မှတ်တမ်းတွေ ၊ စံချိန်ကောင်းတွေ ၊ အမွေအနှစ်တွေဟာ အိုးထရက်ဖိုဒ့်မှာ ဆက်လက် တည်ရှိနေပါလိမ့်မယ်လို့ ပြောဆိုပြီး ဘော်ဒါဟောင်း အတွက် ဆုမွန်ကောင်း တောင်းပေး သွားခဲ့ ပါတယ် ။

“ဒီလမ်းခွဲမှုက ရိုနယ်ဒို ရဲ့ မှတ်တမ်းကောင်းတွေ ၊ အမွေအနှစ်တွေ ၊ ဇာတ်လမ်းတွေကို ဘယ်လိုမှ ထိခိုက် စေမှာ မဟုတ်ပါဘူး ။ သူ့ရဲ့ နာမည်ဟာ အိုးထရက်ဖိုဒ့် မှာ ဆက်ပြီး ရှိနေဦးမှာပါ ။ ဒါတွေ ဘာမှ ပြောင်းလဲ သွာမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ထား ပါတယ်”

“ဒီ အနီရောင် ဂျာစီကို သူဝတ်ဆင် ခဲ့တုန်းက ဘာတွေ စွမ်းဆောင်ပြခဲ့တယ် ၊ ဘယ်လို အောင်မြင်မှုတွေ ယူပေးခဲ့တယ် ၊ အသင်းကို ဘာတွေ သူ ယူဆောင်ပေးခဲ့တယ် ဆိုတာတွေက အမြဲ ရှိနေမှာပါ ။ ရိုနယ်ဒို က မန်ချက်စတာ ယူနိုက်တက် က မြေတောင်မြှေက်ပေးခဲ့တာပါ ၊ ဒီမှာ ကစားရင်း ကမ္ဘာ့အကောင်းဆုံး တယောက် ဖြစ်လာခဲ့တာပါ ။ ဒါတွေက ပြောင်းလဲလို့မရတဲ့ သမိုင်းတွေပါပဲ”

“ဒီ လမ်းခွဲမှုဟာ ၂ ဘက်စလုံး အတွက် အကောင်းဆုံး နည်းလမ်းလို့ ကျွန်တော် ထင်ပါတယ် ။ ရိုနယ်ဒို ကလည်း ဒီကနေ ထွက်ရပြီလို့ကို ဆုံးဖြတ်ထားပြီး အင်တာဗျူး ခဲ့တဲ့ပုံပါ ။ ယူနိုက်တက် မှာ သူ ဘယ်လိုမှ မပျော်နိုင်တော့ ပါဘူး ။ ဒါကို အားလုံး ရှင်းရှင်းလင်းလင်း သိရအောင် သူ လုပ်သွားခဲ့တာပါ ။ ဒီလမ်းကို သူ ရွေးခဲ့ပြီး သူ ဖြစ်ချင်တာ ဖြစ်လာခဲ့ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ၂ ဘက်စလုံး ပျော်ရွှင်ရမှာပါ”

“သူ ဘယ်ကို ရောက်မလဲ ဆိုတာကတော့ သူ ဘာကို ရွေးမလဲဆိုတဲ့ အပေါ် အဓိက မူတည်မှာပါ ။ သူ ဘာကို တောင့်တ မလဲ ၊ ငွေ လား ၊ ချန်ပီယံလိဂ်လား ။ တနေ့တော့ သူ ဘာကို ဘာကြောင့် ရွေးချယ်လိုက်တယ် ဆိုတဲ့ အကြောင်းတွေ ကျွန်တော်တို့ သိလာရမှာပါ ။ ကျွန်တော် ကတော့ ယူနိုက်တက် ရော ရိုနယ်ဒို ပါ အကောင်းဆုံးတွေ ဖြစ်လာဖို့ ဆုတောင်းပေးချင်ပါတယ်” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ၊ FA Cup နဲ့ လိဂ် ဖလား ( ကာလင်းဖလား ) တွေ ရယူနိုင်ခဲ့ ဖူးပါတယ် ။ ဒါ့အပြင် ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်လည်း ဖြစ်ခဲ့ပါတယ် ။

ယူနိုက်တက် နဲ့ ဒုတိယ အကြိမ် ပြန်ပေါင်းထုပ်မှု မှာတော့ ရိုနယ်ဒို ဟာ ပြိုင်ပွဲစုံ ၅၄ ပွဲ ကစားခဲ့ပြီး ၂၇ ဂိုး သွင်းယူကာ ၅ ဂိုး ဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR