ပီအက်ဂျီကနေ ထွက်ခွာခဲ့မယ်ဆိုရင် အမ်ဘက်ပေအတွက် အသင့်တော်ဆုံးကလပ်ကို ပြောပြလိုက်တဲ့ ကွန်ပနီ

မန်ချက်စတာစီးတီး ဂန္တဝင် ဗင်းဆန့်ကွန်ပနီက ပီအက်ဂျီစတား ကီလီယန်အမ်ဘက်ပေ အနေနဲ့ ရီးရဲယ်မက်ဒရစ်ကို reject လုပ်ကာ သူ့ရဲ့ အသင်းဟောင်း မန်စီးတီးကို ပြောင်းရွေ့လာရန် တိုက်တွန်းသွားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရဲယ်ကို ပြောင်းရွေ့ရန် အတော်လေး နီးစပ်မှု ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မထင်မှတ်တဲ့ အလှည့်အပြောင်းနဲ့ အတူ ပီအက်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။

ကလပ်တာဝန်ရှိသူတွေဟာ အမ်ဘက်ပေကို ကလပ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုကို ပေးအပ်ခဲ့ပေမယ့်လည်း ပြင်သစ်စတားဟာ ပဲရစ်မှာ မပျော်မရွှင် ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ၆ပတ်လောက်က ကလပ်ကနေ ထွက်ခွာလိုကြောင်း တာဝန်ရှိသူ‌‌တွေထံ အသိပေးခဲ့တယ်လို့ သတင်း‌တွေ ထွက်ပေါ်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ အမ်ဘက်ပေ အပေါ် စိတ်ဝင်စားနေဆဲလို့ သိရပြီး ပြင်သစ် တိုက်စစ်မှုးဟာ နွေရာသီက ရီးရဲယ်ကို ငြင်းပယ်ခဲ့ပြီးနောက် ဥက္ကဠ ပီရက်ဇ်ထံ ဖုန်းဆက်ကာ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

အမ်ဘက်ပေဟာ မနေ့ညက ပြင်သစ်တို့ ဩစတေးလျကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အပြင် ပြိုင်ဘက် ခံစစ်ကို ၎င်းရဲ့ ပြေးအား တိုက်ရိုက်ထိုးဖောက်မှုတွေနဲ့ အတော်လေး ဒုက္ခပေး ကစားခဲ့ပါတယ်။ ဘယ်ဂျီယံ နောက်ခံလူဟောင်း ကွန်ပနီကတော့ အမ်ဘက်ပေရဲ့ ခြေစွမ်းကို အထူး ချီးကျူးလိုက်ပြီး ၎င်း ပုံစံကောင်း ရနေချိန်မှာ ဘယ်သူမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ကွန်ပနီက “ကိုယ့်ကို ဒီလိုမျိုး ခံစားချက်တွေ ပေးနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ကတော့ မက်ဆီ ရော်နယ်ဒို ရော်နယ်ဒင်ညို တို့ ဖြစ်ပါတယ်။ ဒီကစားသမားတွေကို ရပ်တန့်နိုင်ရန် ဘာဖြေရှင်းချက်မှ မရှိပါဘူး။ အကယ်၍ အမ်ဘက်ပေသာ ဒီအတိုင်း ဆက်ပြီး ကစားနေမယ် လုပ်ပြနေမယ်ဆိုရင် ဒီလို ကစားသမားမျိုးကို ထိန်းချုပ်နိုင်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလှပါတယ်။ ပြင်သစ်မှာ ခြားနားမှုကို ဖြစ်စေမယ့် ဒီလို big player မျိုး ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အဲဒီနောက် အမ်ဘက်ပေရဲ့ လာမည့် ကလပ်နဲ့ ပက်သက်ပြီး မေးခွန်းက ပြောင်းလဲခဲ့ပါတယ်။ ကွန်ပနီက အမ်ဘက်ပေ အနေနဲ့ ရီးရဲယ်ကိုသာ ပြောင်းရွေ့ရန် ရာခိုင်နှုန်း များနေဆဲလို့ ဝန်ခံသွားခဲ့ပေမယ့် ပြင်သစ်ကြယ်ပွင့် အနေနဲ့ မန်စီးတီးကို ပြောင်းရွေ့တာကသာ ကစားသမား ဘဝအတွက် ကောင်းမွန်တယ်လို့ ဆိုလိုက်ပြီး အကြောင်းရင်းကတော့ စီးတီးနဲ့ စာချုပ်သစ် ချုပ်ထားခဲ့တဲ့ ဂွာဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ ဖြစ်တာကြောင့်လို့ ဆိုခဲ့ပါတယ်။

ကွန်ပနီက “သူ ရီးရဲယ်ကို ပြောင်းရွေ့နိုင်တယ်ဆိုတာ လူတော်တော်များများ ယူဆထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပီအက်ဂျီနဲ့ အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးချင်နေပါတယ်။ ဒါဟာ သူ့အတွက် အတော်လေးကိာ အဓိပ္ပာယ် ရှိနေပါတယ်။ ကျနော်ကတော့ သူ့ကို ကမ္ဘာ့အကောင်းဆုံးလိဂ် ကမ္ဘာ့အကောင်းဆုံး နည်းပြလက်အောက်မှာ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲဖက်ကစား စေချင်ပါတယ်။

ဘယ်သူလဲဆိုတာ ခင်ဗျားတို့ပဲ ခန့်မှန်း ကြည့်လိုက်ပါ။ ဒါဟာ ပက်ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာစီးတီး ပါပဲ။ အဲဒီနောက် ခင်ဗျားတို့ အမ်ဘက်ပေရဲ့ အကောင်းဆုံး version ကို မြင်ရပါလိမ့်မယ်” လို့ ဆိုလိုက်ပါတယ်။

SM