ဆားဘီးယား နဲ့ ပွဲအတွက် ဘရာဇီး အသင်း ရဲ့ ပွဲထွက် လူစာရင်း ပေါက်ကြားလာ

ကာတာ ကမ္ဘာ့ဖလား မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဘရာဇီး အသင်းဟာ လာမယ့် သောကြာနေ့ မြန်မာ စံတော်ချိန် ၁ နာရီ မိနစ် ၃၀ မှာ အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ဆားဘီးယား အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ဆားဘီးယား အသင်းဟာ မာကျော ကျစ်လစ်ပြီး ဖြတ်မြင်း အသင်း အဖြစ် သတ်မှတ် ခံထားရတာကြောင့် ဘရာဇီး တို့ ပေါ့ဆလို့တော့ မရပါဘူး ။ သတင်းတွေ အရတော့ ဘရာဇီး နည်းပြ တစ်တေး ဟာ ဆားဘီးယား နဲ့ ပွဲမှာ တိုက်စစ်ကို ပိုမို အသားပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

ဘရာဇီး ရုပ်သံ သတင်းဌာန တစ်ခု ဖြစ်တဲ့ Globo ရဲ့ ဖော်ပြချက်အရ တနင်္လာနေ့ နှင့် အင်္ဂါ နေ့က ပြုလုပ်ခဲ့တဲ့ တံခါးပိတ် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ဆားဘီးယား နဲ့ ပွဲအတွက် ကစားကွက် ကို စမ်းသပ် ကစားခဲ့တယ်လို့ သိရပါတယ် ။

ဘရာဇီး နည်းပြ တစ်တေး ဟာ ဆားဘီးယား နဲ့ ပွဲမှာ ရစ်ချာလီဆင် နဲ့ နေမာ ကို တိုက်စစ် မှာ ထားကစားပြီး ဗင်နီစီးယပ်စ် ဂျူနီယာ နဲ့ ရာဖင်ဟာ တို့ကို တောင်ပံ နှစ်ဘက်မှာ ပွဲထွက် ကစားစေမှာ ဖြစ်တယ်လို့ Globo က ရေးသား ဖော်ပြ ထားပါတယ် ။

ကွင်းလယ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး ကို တိုက်စစ် လိုက်ပါမှု ပိုကောင်းတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ပါကွေတာ နဲ့ တွဲဖက် ပေးသွားမှာ ဖြစ်ပါတယ် ။ ဂိုးသမား နေရာမှာတော့ လီဗာပူး ဂိုးသမားအလီဆွန် ဘက်ကာ ပဲ ပွဲထွက် လာဖို့ ရှိပါတယ် ။

ဗဟို ခံစစ် နေရာမှာတော့ သီယာဂို ဆေးလ်ဗား နဲ့ မာကွင်ဟိုစ့် တို့ အတူ တွဲဖက် ကစားဖို့ ရှိနေပြီး ခံစစ် အစွန်လူတွေကတော့ ဒါနီလို ၊ ဆန်ဒရို တို့ ဖြစ်တယ်လို့ သိရပါတယ် ။ Globo ကတော့ ဆားဘီးယား နဲ့ ပွဲက ဘရာဇီး ရဲ့ line-up ဟာ အရင်က တစ်ခါမှ မမြင်တွေ့ဖူးတဲ့ line-up မျိုး ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ် ။

ဘရာဇီး အသင်းဟာ အဓိက ပြိုင်ပွဲတွေမှာ ဖရက်ဒ် ကို သုံးလေ့ ရှိတာကြောင့် ဖရက်ဒ် မပါလာမယ့် line-up ဟာ အသစ်အဆန်း ဖြစ်နေလိမ့်မယ်လို့ Global က ရေးသားထားတာ ဖြစ်ပါတယ် ။ ဘရာဇီး အသင်းဟာ ဆားဘီးယား နဲ့ ပွဲပြီးရင်း ဆွစ်ဇာလန် ၊ ကင်မရွန်း တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ် ။

SM