Explained : 2022 ကမ္ဘာ့ဖလားမှာ ထပ်ဆောင်း အချိန်ပို မိနစ်တွေ ဘာကြောင့် များပြား နေတာလဲ ?

ဒီကနေ့ အင်္ဂါနေ့ ဟာ ကမ္ဘာ့ဖလားခေတ်သစ် ကို စတင်မယ့်နေ့ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အားကစားပြိုင်ပွဲကြီးရဲ့ ၉၂ နှစ်တာသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပရိသတ်များ အနေနဲ့ တစ်နေ့ကို မကြုံစဖူး ကမ္ဘာ့ဖလားပွဲ လေးပွဲ အားပေး ကြည့်ရှု့ ရမှာမို့လို့ပါပဲ ။

တစ်နေ့ လေးပွဲ ၊ မိနစ် အားဖြင့်ဆိုရင် ၃၆၀ မိနစ် ၊ တစ်နေ့တာ ရဲ့ လေးပုံ လေးပုံ တစ်ပုံကို ဘောလုံးပွဲ ကြည့်ရှု့ရင်း ဖြတ်သန်း ရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ပွဲတစ်ပွဲ က မိနစ် ၉၀ ထက် ပိုပြီး ကြာဖို့ ရှိနေတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလား ဟာ အချိန်အကြာဆုံး ပြိုင်ပွဲ အဖြစ် မှတ်တမ်း ဝင်ဖို့ ရှိနေပါတယ် ။

ကာတာ ကမ္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ် ဖြစ်တဲ့ ကာတာ နဲ့ အီကွေဒေါ ပွဲမှာ ထပ်ဆောင်း အချိန်ပို မိနစ် ဟာ စုစုပေါင်း ၁၀ မိနစ် နဲ့ ၁၈ စက္ကန့် ရှိခဲ့ပါတယ် ။

ဒုတိယပွဲ ဖြစ်တဲ့ အင်္ဂလန် နဲ့ အီရန် ပွဲစဉ် မှာဆိုရင် ပွဲအစကနေ ပွဲပြီးတဲ့ အထိ ပွဲချိန် မိနစ် ဟာ ၁၁၇ မိနစ် နဲ့ ၁၆ စက္ကန့် အထိ ရှိခဲ့ပါတယ် ။

အလားတူပဲ နယ်သာလန် နဲ့ ဆီနီဂေါ ပွဲမှာ အချိန်ပို မိနစ် စုစုပေါင်း ၁၂ မိနစ် ၄၉ စက္ကန့် ၊ အမေရိကန် နဲ့ ဝေးလ်စ် ပွဲမှာလည်း အချိန်ပို မိနစ် ၁၄ မိနစ် ၃၄ စက္ကန့် အထိ ပေးခဲ့ပါတယ် ။ အဲ့ဒီလို ပွဲကစားချိန် မိနစ်တွေ များလာတာကို ဖီဖာ ကိုယ်တိုင်က မျှော်လင့်ထားတာ ဖြစ်ပြီး ဒိုင်လူကြီးများကော်မတီ ဥက္ကဋ္ဌ ကော်လီနာ ကလည်း ပရိသတ်တွေ မိနစ် ၁၀၀ ခန့်ကြာတဲ့ ပွဲတွေ ကြည့်ရတာ ကျင့်သားရသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားပါတယ် ။

အကြောင်းအရင်းကတော့ ဖီဖာ ဟာ ဘောလုံးပွဲ ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်းတွေ ကြည့်စေချင်တာကြောင့် လေလွင့်သွားတဲ့ အချိန်တွေကို အတိအကျ တွက်ချက်ပြီး ထပ်ဆောင် အချိန်ပိုတွေ အများကြီး ပေးနေတာ ဖြစ်ပါတယ် ။

ပြိုင်ပွဲ မစတင်ခင် အချိန်ကတည်းက ဖီဖာက VAR ကြားဝင်ဆောင်ရွက်ပေးမှုများ ၊ ဒဏ်ရာကုသမှု ၊ လူစားလဲလှယ်မှု ၊ ပင်နယ်တီနှင့် အနီကတ်များ၊ ဂိုးသွင်းပြီး အောင်ပွဲခံချိန် အတွင်း ကုန်ဆုံးသွားတဲ့ ကစားချိန်များကို တိကျစွာထည့်သွင်းမှာ ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောကြားနေခဲ့တာပါ ။ ဒါ့အပြင် ကော်လီနာ ကလည်း ပွဲအတွင်း ကစားသမားတွေ အချိန်ဖြုန်းတာကို နှိမ်နင်းလိုကြောင်း ဆိုထားပါတယ် ။

ဒါကြောင့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ထပ်ဆောင်း အချိန်ပိုတွေ အများကြီး ပေးတဲ့ ပထမဆုံး ပြိုင်ပွဲ ဖြစ်လာပြီး နောက်ပွဲတွေမှာလည်း မိနစ် ၁၀၀ ကျော် ပွဲတွေကြီးပဲ ဆက်လက် ကြည့်ရှု့ ရဖို့ ရှိနေပါတယ် ။

SM