အီတလီ မပါတဲ့ ကာတာ ကမ္ဘာ့ဖလား မှာ ဘယ်အသင်းကို အားပေးမလဲ ဆိုတာ ထုတ်ဖော် ပြောကြားလိုက်တဲ့ ဘူဖွန်

ဂန္တဝင် ဂိုးသမားကြီး ဘူဖွန် ကတော့ အခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူ့ရဲ့ နိုင်ငံအသင်း အီတလီ ခြေစစ်ပွဲ မအောင်တာကြောင့် သူ ဒုတိယ အကြိုက်ဆုံး ကင်မရွန်း အသင်းကိုပဲ အားပေး သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

ယူရို လက်ရှိ ချန်ပီယံ အီတလီ အသင်းဟာ ပြီးခဲ့တဲ့ မတ်လ တုန်းက ကမ္ဘာ့ဖလား play-off ပွဲစဉ် မှာ မြောက်မက်စီဒိုးနီးယား အသင်းကို တစ်ဂိုး ဂိုး မရှိ နဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ နဲ့ နှစ်ကြိမ်ဆက် လွဲချော် ခဲ့ရတာ ဖြစ်ပါတယ် ။

အဇူရီ တို့ဟာ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာလည်း ဆွီဒင် အသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ နဲ့ လွဲချော် ခဲ့ရပါတယ် ။ ၂၀၀၆ ခုနှစ်တုန်းက အီတလီ နဲ့ အတူ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဘူဖွန် က ဒီကာတာ ကမ္ဘာ့ဖလားမှာ သူ အားပေးမယ့် အသင်းကို ခုလို ထုတ်ပြော လာခဲ့ပါတယ် ။

အီတလီ အတွက် ပွဲပေါင်း ၁၇၅ ပွဲ ကစားထားတဲ့ ဘူဖွန် က Radio Anch’lo Sport မှာ ” ကင်မရွန်း က ကျနော် ဒုတိယ အကြိုက်ဆုံး အသင်းပါပဲ ၊ ၁၉၈၂ ကမ္ဘာ့ဖလား ကတည်းက ကျနော် သဘောကျ ခဲ့ရတဲ့ အသင်းပါ ။ ”

” ၁၉၉၀ ပြည့်နှစ်မှာ သူတို့ကို ကျနော် လုံးဝ အားပေး ခဲ့တာပါ ။ အန်ကိုနို ၊ မီလာ ၊ အိုမန်ဘီရစ် တို့က ကျနော့် ရဲ့ဟီးရိုး တွေပါပဲ ၊ ၁၉၉၀ ကင်မရွန်း လူစာရင်း က ကျနော့် ရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ လူစာရင်းလို့ကို ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

ကင်မရွန်း အသင်းဟာ ၁၉၉၀ အီတလီ ကမ္ဘာ့ဖလားမှာ နောက်ဆုံး ၈ သင်း အဆင့်ထိ ​ရောက်ခဲ့တဲ့ အသင်း ဖြစ်ပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရောက် ပထမဆုံး အာဖရိက အသင်း ဖြစ်ခဲ့ပါတယ် ။ ကင်မရွန်း နောက်ပိုင်းမှာတော့ ဆီနီဂေါ နဲ့ ဂါနာတို့ဟာလည်း ၂၀၀၂ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ရောက် အာဖရိက အသင်းတွေ ဖြစ်လာခဲ့ကြပါတယ် ။

၁၉၉၀ ခုနှစ်တုန်းက ကင်မရွန်း အသင်းဟာ ကမ္ဘာ့ဖလား အဖွင့် ပွဲမှာတင် ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အာဂျင်တီးနား အသင်းကို အနိုင်ယူပြီး တစ်ကမ္ဘာလုံး အံ့အား သင့်အောင် လုပ် နိုင်ခဲ့ပါတယ် ။ ကင်မရွန်း အသင်းဟာ ကစားသမား ၂ ဦး ထုတ်ခံရတာကြောင့် ၉ ဦး ထဲနဲ့ အာဂျင်တီးနား အသင်းကို အနိုင်ယူ ခဲ့တာပါ ။

ကင်မရွန်း တိုက်စစ်မှူး မီလာ ဟာလည်း ၁၉၉၀ ကမ္ဘာ့ဖလား မှာ သွင်းဂိုး ၄ ဂိုး အထိ သွင်းပြီး အသက် အကြီးဆုံး ဂိုးသွင်းသူ ဆိုတဲ့ စံချိန်ကို စိုက်ထူ နိုင်ခဲ့ပါတယ် ။ ဂိုးသွင်းအပြီး ထောင့်ကန်ဘော အလံနားမှာ ကခုန် အောင်ပွဲ ခံတဲ့ မီလာ ရဲ့ ပုံရိပ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ အထင်ကရ ပုံရိပ် တစ်ခုလည်း ဖြစ်ပါတယ် ။

SM