အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ် အပေါ် သုံးသပ်ခန့်မှန်းချက်

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ တတိယမြောက်နေ့ကို ရောက်ရှိလို့ လာပါပြီ ။ ဒီကနေ့ မှာတော့ အားလုံးစောင့်စားနေကြတဲ့ လီယွန်နယ် မက်ဆီ ရဲ့ အာဂျင်တီးနား ၊ လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းတို့ရဲ့ ပွဲတွေ အပါအဝင် ပွဲစဉ် ၄ ပွဲအထိ ကစားသွားကြမှာပါ ။ အဲ့ဒိအထဲက အာဂျင်တီးနား ရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်ကို သုံးသပ်ခန့်မှန်းပေးထားပါတယ် ။

မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲမှာတော့ အာဂျင်တီးနား ဟာ သူတို့ရဲ့ ကမ္ဘာ့ဖလား စွန့်စားခန်းကို အာရှက ဆော်ဒီအာရေဗျ နဲ့ ယှဉ်ပြိုင် ကစားပြီး စတင်ဖွင့်လှစ်မှာပါ ။ ဒီပွဲကို အားလုံးက အာဂျင်တီးနား ဘက်မှာ ရှိနေကြပါတယ် ။ တကယ်လည်း ဒီပွဲမှာ အာဂျင်တို့ နိုင်ပွဲကို ရှာဖွေ နိုင်မှာပါ ။

ဆော်ဒီ က ကမ္ဘာ့ဖလားကို မကြာခဏ ပါဝင်ယှဉ်ပြိုင်ရတဲ့ အသင်း ဖြစ်ပေမယ့် အာဂျင်တီးနား ကို တုန်လှုပ်အောင်တော့ စွမ်းဆောင် နိုင်မှာ မဟုတ်ပါဘူး ။ ၂၀၁၈ တုန်းကလည်း ဆော်ဒီတို့ အုပ်စုတွင်း အင်အားကြီး အသင်းတွေကို ခက်ခဲအောင် မစွမ်းဆောင်နိုင်တဲ့ သာဓက ရှိခဲ့ဖူးပါတယ် ။ ဒါပေမယ့် အာရှဇုန် ခြေစစ်ပွဲကို အုပ်စု ပထမ နေရာနဲ့ အောင်မြင်လာတဲ့ ဆော်ဒီရဲ့ ရလဒ်ပိုင်းကိုတော့ လေးစားပေးရမှာပါ ။

အာဂျင်တီးနား က နောက်ဆုံး ၅ ပွဲမှာ အက်ကွေဒေါ နဲ့ တပွဲတည်း သရေကျပြီး ကျန်တဲ့ ၄ ပွဲကို ဂိုးပြတ် နိုင်ထားပါတယ် ။ အဲ့ထဲမှာ အီတလီ နဲ့ ကစားတဲ့ ဖိုင်နယ်လီဆီမာ ဖလားပွဲလည်း အပါအဝင်ပါ ။ ဒီ ၄ ပွဲမှာ အာဂျင်တို့ ဂိုးလုံး၀ မပေးခဲ့ရပါဘူး ။ ၁၄ ဂိုးထိ သွင်းနိုင်ခဲ့ ပါတယ် ။

အခုပွဲမှာ အာဂျင်တီးနား က ၄-၃-၃ နဲ့ ပွဲထွက်လာမှာပါ ။ တိုက်စစ်အထောင် နေရာမှာ အင်တာက လူတာရို မာတီနက် ပါလာပြီး တောင်ပံ တဘက်စီမှာ မက်ဆီ နဲ့ ဒီမာရီယာ တို့ ကစားဖို့ ရှိပါတယ် ။ တကယ် ကစားချိန် မှာတော့ မက်ဆီ က Free Role ကစားမှာ ဖြစ်ပြီး မာတီနက် တယောက်ပဲ ဧရိယာထဲမှာ ရှိနေမှာပါ ။

ကွင်းလယ် မှာတော့ ပါရီဒက်စ် ၊ ရိုဒရီဂို ဒီပေါလ် တို့နဲ့ ဘယ်သူ ပါလာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ဆော်ဒီ နဲ့ ပွဲဖြစ်လို့ ခံစစ်ထက် တိုက်စစ်ကို ပိုဦးစားပေးနိုင်ပါတယ် ။ ဒါဆိုရင်တော့ ဘရိုက်တန် က မက် အလစ်စတာ ပါလာမှာပါ ။ ခံစစ် ကတော့ နည်းပြ စကာလိုနီ ရဲ့ အကြိုက် ဖြစ်တဲ့ မိုလီနာ ၊ အော့တာမန်ဒီ ၊ ရိုမဲရိုး ၊ ကွန်ညာ တို့ ၄ ယောက် ဖြစ်ဖို့ များပါတယ် ။ ဂိုးသမား နေရာကတော့ အီမီလီယာနို မာတီနက် ကလွဲပြီး အခြား မရှိနိုင်ပါဘူး ။

ဆော်ဒီ ကတော့ ဒီပွဲမှာ တတ်နိုင်သလောက် ခုခံပြီး တန်ပြန် တိုက်စစ်နဲ့ ထိုးနှက်ဖို့ ပြင်ဆင်လာမှာပါ ။

ဒါကြောင့် ခံစစ်မှာ လူများများသုံးမယ့် ၄-၄-၁-၁ ကို ရွေးလောက်ပါတယ် ။ ဆော်ဒီက တိုက်စစ်ကစားရင် ၄-၂-၃-၁ ကို သုံးလေ့ ရှိပြီး ကိုယ့်ထက် အင်အားကြီးတဲ့ အသင်းတွေနဲ့ ကစားတဲ့ အခါမျိုးမှာ ဆိုရင်တော့ ၄-၄-၁-၁ ကို သုံးကစားတတ်ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ခရိုအေးရှား နဲ့ ပွဲတုန်းကလည်း ၄-၄-၁-၁ ကိုပဲ သုံးသွားတာပါ ။

ဘာပဲဖြစ်ဖြစ် အာဂျင်တီးနား ကတော့ အဖွင့်လှအောင် ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ ကြိုးစား အားထုတ်သွားမှာပါ ။ မက်ဆီ ကလည်း သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာကြောင့် တခါမှ မမြင်ဘူးတဲ့ ပုံစံမျိုးနဲ့ ကြိုးစား ကစားသွားဖို့ သေချာသလောက်ပါပဲ ။

အာဂျင်တီးနား ဟာ အခု ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၃ သင်းထဲက တသင်းပါ ။ ဒီလို ရေပန်းစားမှုနဲ့ ထိုက်တန်တယ်ဆိုတာကို အခုပွဲကနေ သူတို့ သက်သေပြသွားမှာပါ ။ ဆော်ဒီ ရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးတော့ အများကြီး ပြတ်ဖို့ မသေချာပါဘူး ။ ၂-၀ လောက်နဲ့ နိုင်မယ်ဆိုရင်တောင် အာဂျင်တီးနား ပရိသတ်တွေ ကျေနပ်ကြမှာပါ ။ အဲ့ ၂ ဂိုးမှာ မက်ဆီ ရဲ့ နာမည်ပါမလား ဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေမှာ သေချာပါတယ် ။

SPORTS MYANMAR