အဖွင့်လှတဲ့ အသင်းကြီးတွေ ၊ ကမ္ဘာ့ဖလားအကြောင်း ဘောလုံးကမ္ဘာကြီးအကြောင်းတွေ ၊ စံချိန်ရှင် ရိုနယ်ဒို တို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

ယမန်နေ့က ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ မှာတော့ အင်္ဂလန် နဲ့ နယ်သာလန် တို့ နိုင်ပွဲကိုယ်စီနဲ့ စဖွင့် နိုင်ခဲ့ပြီး ဝေးလ် နဲ့ အမေရိကန် တို့ပွဲကတော့ အခု ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး သရေပွဲ ဖြစ်လာခဲ့ ပါတယ် ။

အင်္ဂလန် ဟာ အီရန် ကို ၆-၂ ရလဒ် နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဆာကာ ၊ ရက်ဖိုဒ့် ၊ စတာလင် ၊ ဂရီလစ်ရှ် ၊ ဘယ်လင်ဂမ် တို့က ဂိုးတွေ သွင်းပေးခဲ့ကြ ပါတယ် ။
နယ်သာလန် ကတော့ ဆီနီဂေါ ကို အကျိတ်အနယ် ကစားခဲ့ရပြီး ပွဲပြီးခါနီးမှ ဂိုးတွေ ရခဲ့ကာ ၂-၀ နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။

ဖီဖာ ရဲ့ ဖိအားပေးမှုကြောင့် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ မူလ စီစဉ်ထားတဲ့ သက်တန့်ရောင် လက်ပတ်ကို ဝတ်ဆင် မကစားခဲ့ပါဘူး ။ ဒါပေမယ့် ဘီဘီစီ သတင်းဌာန ရဲ့ တင်ဆက်သူ အဲလက်စ် စကော့ ကတော့ မနေ့ညက ပွဲမှာ အင်္ဂလန် ရဲ့ သူရဲကောင်း ဖြစ်ခဲ့ပြီး ကွင်းထဲကို သက်တန့်ရောင် လတ်ပတ် ဝတ်ဆင်ကာ ဝင်ရောက် တင်ဆက်သွားခဲ့ ပါတယ် ။

ဒါပေမယ့် အမေရိကန် ဂျာနယ်လစ် တဦး ဟာ သက်တန့်ပုံ ပါတဲ့ အကျီကို ဝတ်ဆင်လာမှုကြောင့် ဝေးလ် – အမေရိကန် ပွဲကို ဝင်ရောက် သတင်းယူခွင့် မရခဲ့သလို ပရိသတ် အချို့ဟာလည်း သူတို့ရဲ့ သက်တန့်ရောင် ဦးထုပ်တွေကို ကွင်းအပြင်မှာ ထားခဲ့ရတယ်လို့ သိရပါတယ် ။

ရွိုင်ကင်း ကတော့ သက်တန့်ရောင် လက်ပတ်ကို မဝတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အသင်းခေါင်းဆောင်တွေကို ဝေဖန်ခဲ့ပြီး ဘေးလ် ၊ ဟယ်ရီကိန်း တို့ဟာ အဝါကတ် ကို ရင်းပြီး သူတို့ရဲ့ LGBTQ ထောက်ခံမှု ကို ရပ်တည်ပေးခဲ့ သင့်တယ်လို့ ပြောဆို သွားခဲ့ပါတယ် ။

ပွဲမပြီးခင် ထပြန်မှုတွေ ၊ ခုံအလွတ်တွေ ရှိနေပေမယ့် ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ ကတော့ ကွင်းထဲ ပရိသတ် ဝင်ရောက်မှုဟာ ဝင်ဆံ့ဦးရေရဲ့ ၂ ဆ အထိပင် ရှိတယ်လို့ ထုတ်ပြန် ခဲ့ပါတယ် ။ ကွင်းထဲမှာ ဘီယာ နဲ့ အရက် သောက်ခွင့် မပြုတာကြောင့် ပရိသတ် အများအပြားဟာ ကွင်းထဲ လိုက်မကြည့်ဘဲ ဘီယာ ရနိုင်တဲ့ Fan Village တွေမှာသာ ကြည့်ရှု ခဲ့ကြပါတယ် ။

လိုက်ပ်ဇစ် ရဲ့ ပြင်သစ် တိုက်စစ်မှူး ခရစ်စတိုဖာ အန်ကွန်ကူ ဟာ လာမယ့် နွေရာသီမှာ ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ ထပ်မံ အတည်ပြု သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂျာစီ စပွန်ဆာ ဖြစ်တဲ့ TeamViever ဟာ သူတို့ရဲ့ ပေါင် ၂၃၅ သန်းတန် စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းဖို့ စိတ်ကူးနေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူးလေး မေဆင် ဂရစ်းဝုဒ် ရဲ့ အမှု ကို လာမယ့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ ပြန်လည် ကြားနာမယ်လို့ သတ်မှတ် အမိန့်ထုတ်ပြန်လိုက်ပြီး ဂရင်းဝုဒ် အနေနဲ့ အဆိုပါ အချိန်မတိုင်ခင် အထိ အာမခံနဲ့ သွားလာနေထိုင်ခွင့် ရရှိထားတယ်လို့ ကြားသိရ ပါတယ် ။

ရိန်းဂျားစ် အသင်းဟာ အခု ရာသီမှာ ရလဒ်တွေ မကောင်း ဖြစ်နေတာကြောင့် နည်းပြ ဂျီယိုဗင်နီ ဗန်ဘရွန်ခရော့စ် ကို ထုတ်ပယ် လိုက်ပြီလို့ သိရှိရ ပါတယ် ။

ရိုးမား အသင်းကတော့ ဘိုဒိုဂလင့် ကစားသမား အိုလာ ဆိုဘက်ကန် ကို အလွတ်နဲ့ ခေါ်ယူ နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရ ပါတယ် ။

ပေါ်တူဂီ နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဆိုရှယ် မီဒီယာ ပလက်ဖောင်း တခု ဖြစ်တဲ့ အင်စတာဂရမ် မှာ ပရိသတ် သန်း ၅၀၀ ပြည့်တဲ့ ပထမဆုံး အသုံးပြုသူ ဖြစ်လာခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အင်တာဗျူးမှာ ဖွင့်ချ ခဲ့လို့ ဝေဖန် ခံခဲ့ရပေမယ့် ပရိသတ် အရေအတွက် လျော့မသွားဘဲ ကမ္ဘာ့လွှမ်းမိုးမှု အကြီးဆုံး လူသား တယောက် ဖြစ်ကြောင်း ဆက်လက် သက်သေပြနေခဲ့ပါတယ် ။

SPORTS MYANMAR