အင်္ဂလန် အသင်း ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ အံ့ဖွယ် အရည်အသွေး ပြသခဲ့တဲ့ လူငယ်လေးကို ချီးကျူးလိုက်တဲ့ မီကာရစ်ချတ်

အင်္ဂလန် အသင်းကတော့ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲမှာ အီရန် အသင်းကို ၆ ဂိုး ၂ ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး အဖွင့်လှ သွားခဲ့ပါတယ် ။ အင်္ဂလန် အသင်း အတွက် ဂိုးတွေကိုတော့ ဆာကာ ၂ ဂိုး ၊ဘယ်လင်ဟမ် ၊ စတာလင် ၊ ဂရီးလစ်ရှ် ၊ ရက်ရှ်ဖိုဒ့် တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ ။

အင်္ဂလန် ၆-၂ အီရန် ပွဲရဲ့ Man of the Match ဆုကိုတော့ ၂ ဂိုးသွင်းခဲ့တဲ့ ဂန်းနား လူငယ် ကြယ်ပွင့် ဆာကာ ရရှိ သွားခဲ့ပါတယ် ။ ဆာကာ ဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲ မှာ အရေးပါတဲ့ ပင်နယ်တီ ကို လွဲချော် ခဲ့ပြီးနောက် လူမျိုးရေး ခွဲခြားမှုတွေ ဝေဖန်ပြစ်တင်မှုတွေ နဲ့ အကြီးအကျယ် ရင်ဆိုင် ခဲ့ပါတယ် ။

အဲ့ဒီလို အနေအထားကနေ ဆာကာ ဟာ အကောင်းဆုံး ပြန်လာ နိုင်ခဲ့ပြီး ဒီရာသီ အာဆင်နယ် အသင်း ရဲ့ ပင်နယ်တီ တာဝန် ကို ရဲရဲဝင့်ဝင့် ရယူကာ ဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ် ထားနိုင်ပါတယ် ။ အင်္ဂလန် အသင်း နဲ့ အတူ ကမ္ဘာ့ဖလား ကစားခွင့် ရချိန်မှာလည်း ဆာကာ ဟာ သူ့ရဲ့ သန်မာမှု ၊ အရည်အသွေး ပြည့်ဝမှုကို သွင်းဂိုးတွေနဲ့ သက်သေပြနေပါတယ် ။

မန်ချက်စတာ စီးတီး အသင်း ရဲ့ နောက်တန်း ကစားသမားဟောင်း မီကာရစ်ချတ် ကတော့ အီရန် နဲ့ အင်္ဂလန် ပွဲအပြီးမှာ ဆာကာ ရဲ့ ပြန်လာနိုင်မှုကို အသိအမှတ်ပြု ချီးကျူး သွားခဲ့ပါတယ် ။ ” သူက ဒီရာသီကို အာဆင်နယ် အသင်းနဲ့ အတူ အကောင်းဆုံး စတင် ထားနိုင်သူပါ ။ သူ့ရဲ့ ပုံစံကောင်းတွေကိုလည်း အင်္ဂလန် အသင်းထံ ယူဆောင်လာနိုင်ပါတယ် ၊ တကယ့်ကို အံ့ဖွယ်ပါပဲဗျာ ။ ”

” ခက်ခဲ့တဲ့ အခြေအနေတွေ ကြုံခဲ့ရတာတောင် သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ထုတ်ပြ နိုင်တယ် ဆိုကတည်းက သူက ဘယ်လိုတောင် အံ့ဩဖို့ ကောင်းတဲ့ ကစားသမား ဆိုတာ ပြသနေတာပါပဲ ၊ တကယ့်ကို အရည်အသွေးမြင့် လူငယ်လေးပါပဲဗျာ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ ကတော့ အဖွင့် ပွဲမှာ သွင်းဂိုး ၂ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ အပေါ် ” ခံစားချက် ကို ဘယ်လို ပြောပြရမလဲ မသိတော့လောက်အောင်ပါပဲဗျာ ၊ တကယ့်ကို အံ့ဖွယ်ပါပဲ ၊ ပျော်လည်းပျော် ဂုဏ်လည်း ယူမိပါတယ် ၊ နိုင်ပွဲလည်း ရခဲ့တဲ့ အတွက် တကယ့်ကို ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ ။ ”

” ခုလို ဂိုးပြတ် နိုင်ပွဲမျိုးက ကျနော်တို့အတွက် လိုအပ်ပါတယ် ၊ ပြိုင်ပွဲ မစတင်မှီ ရလဒ်ပိုင်း စွမ်းဆောင်ရည်ပိုင်းတွေကြောင့် ကျနော်တို့ အသင်း အပေါ် ဝေဖန်မှုတွေ များပြား ခဲ့ပါတယ် ၊ ဒါပေမယ့် အခုတော့ ဝေဖန်သူတွေ အားလုံး ကျနော်တို့ရဲ့ အရည်အသွေး လုပ်နိုင်စွမ်းကို သိသွားကြမယ် ထင်ပါတယ် ။ ”

” ဖိအားတွေ အများကြီးအောက်မှာ နိုင်ပွဲ ရယူ နိုင်ခဲ့တာက ကျနော်တို့ အတွက် သိပ်ကောင်းပါတယ် ၊ ဒါပေမယ့် နောက်ပွဲတွေမှာ ကျနော်တို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုလည်း ဆက်လ​က် ပြသနိုင်ဖို့ လိုအပ်ပါတယ် ၊လာမယ့် ရက်ပိုင်း အတွင်းမှာ အမေရိကန် နဲ့ ကစားရဖို့ ရှိပြီး အဲ့ဒီ ပွဲကိုလည်း အနိုင်ရဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM