သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုး အတွက် ပူလီဆစ်ကို ကျေးဇူးတင်လိုက်တဲ့ ဝီယာ

မနေ့ည နှောင်းပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု B ရဲ့ ဒုတိယမြောက်ပွဲမှာ အမေရိကန်နဲ့ ဝေးလ်စ် အသင်းတို့ တဖက် တဂိုးစီ သရေနဲ့ ဒီနှစ် ပြိုင်ပွဲရဲ့ ပထမဆုံး သရေ တမှတ်စီကို ခွဲဝေယူသွားခဲ့ကြပါတယ် ။

ဒီပွဲမှာ တသင်း ပွဲချိန် တပိုင်းစီ ပိုကောင်းခဲ့ကြပြီး ၊ ပထမပိုင်းမှာ အမေရိကန်က ခြေစွမ်း အသာ ၊ အခွင့်အရေး အသာနဲ့ ဖိကစားနိုင်ခဲ့ကာ ၊ ပွဲချိန် ၃၆မိနစ် အရောက်မှာ open play ကနေ လှလှပပ ချိတ်ဆက် ကစားရင်း ပူလီဆစ် တဦးတည်း ဘောလုံး ဆွဲပြေးပြီး တိုက်စစ်မှူး တင်မိုသီ ဝီယာထံ လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဝီယာရဲ့ အဆုံးသတ်ကလည်း သေသပ်တိကျခဲ့ကာ ၊ ဒါဟာ သူ့အတွက် ကစားသမား ဘဝ တလျှောက် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးဂိုး သွင်းယူနိုင်လိုက်ခြင်း ဖြစ်ပါတယ် ။

 

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ အတွက် ဝေးလ်စ်တို့ နည်းစနစ် အပြောင်းအလဲ အချို့ လုပ်ကာ ၊ ကစားအား မြှင့်တင်နိုင်ခဲ့ပါတယ် ။

အစောပိုင်း အခွင့်အရေးတွေကနေ ဂိုးရနိုင်မယ့် အလားအလာ အချို့ ပိုင်ဆိုင်ခဲ့ပေမယ့် ၊ တကယ်တမ်းမှာတော့ အမေရိကန် ခံစစ်မှူး ဝေါ်လ်ကာ ဇင်မာမန်းက ဂါရတ်ဘေးလ်ကို ပင်နယ်တီ ဧရိယာထဲ ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ ချေပဂိုး ပြန်လည် ရခဲ့တာ ဖြစ်ပါတယ် ။

ဒီသရေ ရလဒ်က ၂သင်းလုံး အတွက် မျှတမှု ရှိတယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ လက်ကျန် အုပ်စု ၂ပွဲမှာ ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ ဆက်လက်တိုက်ပွဲဝင်ရဦးမှာ ဖြစ်ပါတယ် ။ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုး ရခဲ့တဲ့ ဝီယာကတော့ ပွဲအပြီး အင်တာဗျူးမှာ သူ ဂိုးရအောင် အသင့်ထိုးပေးခဲ့တဲ့ ပူလီဆစ်ကို အခုလိုပဲ ကျေးဇူးတင်ခဲ့ပါတယ် ။

ဝီယာ က ” ခရစ်တီယန်ဟာ ကျွန်တော့ အတွက် လှပတဲ့ ဘောလုံး ပေးပို့မှု လုပ်ပေးခဲ့ပြီး ၊ ကျန်တာက ကျွန်တော့ရဲ့ အဆုံးသတ် အပေါ်မှာသာ မူတည်ခဲ့ပါတယ် ။ ပထမပိုင်းမှာ ကျွန်တော်တို့ ခွန်အား အပြည့်နဲ့ ပွဲအရှိန် မြှင့်တင်ပြီး ကစားနိုင်ခဲ့ပါတယ် ။ ”

” ဒုတိယပိုင်း အရောက်မှာ ကျွန်တော်တို့ရဲ့ ကစားအား တဖြည်းဖြည်း ဆုတ်ယုတ်ခဲ့ပြီး ၊ ဝေးလ်စ်က ဒါကို ကောင်းကောင်း အသုံးချခဲ့ပါတယ် ။ သူတို့ဟာ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဖက်ကို အများကြီး ဖိအားပေးနိုင်ခဲ့ပြီး ၊ ဘောလုံး အများစု ထိန်းနိုင်ခဲ့ပါတယ် ။ ”

” အဆုံးမှာတော့ ဒါကပဲ ကျွန်တော်တို့ကို ထိုးနှက်သွားခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အမေရိကန်ဟာ လာမယ့် သောကြာနေ့ညမှာ အီရန်ကို ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ရထားတဲ့ နာမည်ကြီး အင်္ဂလန်နဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR