ရှုံးထွက်အဆင့်တွေမှာ ယုံစားလို့မရနိုင်ဘူးဆိုတဲ့ ဂယ်ရီနဗီးရဲ့ မှတ်ချက်ကို ပြန်လည် တုန့်ပြန်လိုက်တဲ့ အလက်ဇန်းဒါးအာနိုး

ထရန့်အလက်ဇန်းဒါးအာနိုးဟာ ဝေဖန်မှုတွေနဲ့ အမြဲတစေ ကြုံတွေ့နေရသူ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင်မှာ ဂယ်ရီနဗီးက ဂါရက်ဆောက်ဂိတ် အနေနဲ့ ၎င်းကို ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် ယုံကြည်မှုရှိမှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ကာ လီဗာပူး ညာနောက်ခံလူရဲ့ အတွေ့အကြုံတွေ အရ ဒါဟာ အငြင်းပွယ်ဖွယ် ပြောဆိုမှု ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ အပြီးသတ် လူစာရင်းကို ကြေငြာမှု မလုပ်မီ ဂယ်ရီနဗီးက “သူဟာ တစ်ချို့ အခိုက်အတန့်တွေမှာ အာရုံစူးစိုက်မှု နည်းပါးကာ အလောတကြီး ဆုံးဖြတ်ချက်တွေလည်း ပြုလုပ်တက်ပါတယ်။ ကမ္ဘာ့ဖလားတို့ ဘာတို့မှာဆိုရင် သူ့ရဲ့ ပင်နယ်တီ ဧရိယာအတွင်း ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ချို့ဟာ ပင်နယ်တီ ပေးရနိုင်ပါတယ်။ ဂါရက်အနေနဲ့ သူ့ကို ရှုံးထွက်ပွဲစဉ်တွေ အတွက် ယုံကြည်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ သူ့ကိုတောင် ကမ္ဘာ့ဖလားကို ခေါ်ယူသွားပမလား?” လို့ ဆိုလိုက်ပါတယ်။

အလက်ဇန်းဒါးအာနိုး ကတော့ သူဟာ လီဗာပူး အတွက် ရှုံးထွက်အဆင့် ပွဲစဉ်တွေ ကစားရတဲ့ အခါမှာ ပိုမိုတောက်ပလေ့ ရှိတယ်လို့ ခံစားမိနေပြီး ဒီလို အဆင့်တွေမှာ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေက ထွက်ပေါ်လာတယ်လို့ တုန့်ပြန်လိုက်ပါတယ်။

ဂယ်ရီနဗီးရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ထရန့်က “ကျနော်ဟာ ရှုံးထွက် ပွဲစဉ်တွေ ကစားရတဲ့ အခါမှာ ပိုကောင်းတဲ့ စွမ်းရည်ကို ထုတ်ပြနိုင်လေ့ ရှိပါတယ်။ ကျနော့်ရဲ့ ကစားသမား ဘဝမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေကို ကြည့်လိုက်ပါ။ တကယ့် big game တွေ ဖြစ်တဲ့အပြင် ဘောလုံးလောကရဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေပါ။ ကျနော့် အနေနဲ့ ဒီလို ပွဲတွေ အများကြီး ကစားခွင့် ရခဲ့တာဟာ ကံကောင်းပါတယ်။

ကျနော်ဟာ ဒီလို ပွဲစဉ်မျိုးတွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထွက်ပေါ်လာကာ ကောင်းကောင်း ကစားနိုင်လေ့ရှိခဲ့ပါတယ်။ ကျနော် ဒီလို ဖိအားတွေကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ ကျနော် ဒီလို ဖိအားတွေနဲ့ ကစားရတာကို ကြိုက်ပါတယ်။ ကျနော့်ရဲ့ အမြင်ကတော့ပွဲက ကြီးလေလေ ၊ ကျနော့်ရဲ့ အရည်အသွေးကောင်းတွေက ထွက်‌လာလေလေလို့ ထင်ပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။

နဗီးရဲ့ မှတ်ချက်ပေးမှု အပြီး နောက်တနေ့မှာပဲ ယာဂန်ကလော့က ထရန့်နဲ့ ပက်သက်ပြီး “ထရန့်ဟာ အခုဆိုရင် အသက် ၂၄ နှစ် ရှိပါပြီ။ သူဟာ ကစားသမားဘဝအတွင်း ဖိုင်နယ်တစ်ချို့မှာ ဗိုလ်စွဲထားခဲ့ပါတယ်။ ခံစစ်ကို အကောင်းဆုံး ကစားမှရတဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေကိုလည်း ကစားထားခဲ့ပြီး ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ လီဗာပူး ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖိုင်နယ် ၃ ပွဲ ၊ စူပါဖလား ၊ ကလပ်ကမ္ဘာ့ဖလား နဲ့ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ၊ ကာရာဘောင်ဖလား ဖိုင်နယ်တွေမှာ ဗိုလ်စွဲထားခဲ့ပါတယ်။ ဒါ့အပြင် ထရန့်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ‌ဆုကို ရခဲ့တဲ့ အပြင် ချန်ပီယံလိဂ်ဖိုင်နယ်ကို သွားတဲ့ လမ်းကြောင်းမှာ ထိပ်တန်း အသင်းတွေနဲ့ ရှုံးထွက်အဆင့်တွေ ကစားထားတဲ့ အတွေ့အကြုံတွေလည်း ရှိထားပါတယ်။

SM