ဘယ်လင်ဟမ်ဟာ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး ဂန္တဝင်တွေထက် ပိုမိုကောင်းမွန်တဲ့သူ ဖြစ်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ အဲရစ်ဆင်

အင်္ဂလန် မန်နေဂျာဟောင်းဖြစ်သူ ဆ‌ဗင်ဂိုအန်အဲရစ်ဆင်က ဂျု့ဘယ်လင်ဟမ်ဟာ ဖရန့်လမ်းပတ် ၊ ပေါလ်စခိုးလ် တို့လို ကွင်းလယ် ဂန္တဝင်တွေထက် ပိုမိုကောင်းမွန်တဲ့သူ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အီရန်ကို အင်္ဂလန်တို့ ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့သလို အကောင်းဆုံး ခြေစွမ်းကိုလည်း ပြသခဲ့သူ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်တဲ့အပြင် လာမည့်နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ရှိနေပြီး ၎င်းရဲ့ တန်ကြေးက အနည်းဆုံး ပေါင်သန်း ၁၀၀ အထက်မှာ ရှိနေပါတယ်။ လီဗာပူး ချဲလ်ဆီး မန်စီးတီး မန်ယူနိုက်တက် ရီးရဲယ် တို့ အပါအဝင် ကမ္ဘာ့ထိပ်တန်း အသင်းကြီးတွေဟာ ဘယ်လင်ဟမ်ကို ချိတ်ဆက်နေကြပြီး အဲရစ်ဆင်က ဘယ်လင်ဟမ်ရဲ့ အရည်အသွေးကို ကြည့်ရင်းနဲ့ သရဲနီ ၊ the blues တို့အတွက် ကစားခဲ့တဲ့ အင်္ဂလန် icon နှစ်ဦးကို သတိရစေတယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်ဆင်က “အားလုံးဟာ ဘယ်လင်ဟမ်လို လူငယ်ကြယ်ပွင့် တစ်ဦးကို သူတို့ရဲ့ အသင်းအတွက် လိုချင်ကြမှာပါ။ သူဟာ ပြိုင်ဘက်တွေအတွက် ရင်ဆိုင်ကစားရတာ တအားကို ခက်ခဲတဲ့သူပါ။ သူ့ကို ကြည့်ပြီး ကျနော် ဖရန့်လမ်းပတ် ပေါလ်စခိုးလ် တို့ကို သတိမိပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ ဒီကစားသမား နှစ်ဦးလိုပဲ ပင်ကိုယ်ပါရမီ‌တွေ ရှိနေလို့ပါ။ သူ့ကို လူကပ်ကစားရတာ တအားကို ခက်ခဲပါတယ်။

ဘယ်သူသိနိုင်မှာလဲဗျာ? ဂျူ့ဘယ်လင်ဟမ်ဟာ ဖရန့်လမ်းပတ် ပေါလ်စခိုးလ် တို့ထက် ပိုကောင်းလာကောင်း လာနိုင်ပါတယ်။ ဂျု့အနေနဲ့ သူတို့လောက် ကောင်းနိုင်မယ်ဆိုရင်လည်း တအားကို ပျော်ရွှင်တဲ့သူ ဖြစ်လာမှာပါ။” လို့ ဆိုသွားပါတယ်။

လာမည့် နွေရာသီမှာ ဘယ်အသင်းကိုပဲ ပြောင်း‌ရွေ့သည် ဖြစ်စေ ဘယ်လင်ဟမ်ဟာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နေသူ ဖြစ်ပြီး အဲရစ်‌ဆင် ဘက်ကလည်း ဒီလိုပဲ ယုံကြည်ထားပါတယ်။

အဲရစ်ဆင်က “သူဟာ အခုကတည်းက ကောင်းနေပါပြီ။ ဒါပေမယ့် သူဟာ အရွယ်ရလာတာနဲ့အမျှ ပိုပိုကောင်းလာမည့်သူပါ။ သူ့မှာ အရာအားလုံး ရှိနေပါတယ်။ သူဟာ ဂိုးသွင်းပြီး ဖန်တီးမှုတွေ လုပ်နိုင်သလို ခံစစ်လည်း ကောင်းကောင်း ကစားနိုင်သူပါ။ သူဟာ တအားကို ပြီးပြည့်စုံတဲ့ ကစားသမားပါ။

သူဟာ မကြာခင် အင်္ဂလန်ရဲ့ ထိပ်တန်းကလပ်တွေထဲက တစ်ခုမှာ ကစားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်လင်ဟမ် အ‌ပေါ် ဖိအားတွေ တအားပေးတာကတော့ အန္တရာယ် များပါတယ်။ ဒါပေမယ့် ကျနော် သူ့ကို တကယ် ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တကယ့်ကို နှစ်သက်ဖွယ်ကောင်းတဲ့သူ ဖြစ်တဲ့အပြင် အရာအားလုံးကို လုပ်နိုင်တဲ့သူ ဖြစ်လို့ပါ။” လို့ ဆိုလိုက်ပါတယ်။

SM