နယ်သာလန်နဲ့ ပွဲမှာ ဗီလိန် ဖြစ်ခဲ့တဲ့ ဆီနီဂေါ စတားကို ကိုယ်စီ မေးခွန်းထုတ်ခဲ့ကြတဲ့ အလီမက်ကွိုက်စ်နဲ့ အီယန်ရိုက်

မနေ့ည က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ် ဒုတိယနေ့မှာ အုပ်စု A မှ နယ်သာလန်နဲ့ ဆီနီဂေါ အသင်းတို့ ထိပ်တိုက် တွေ့ခဲ့ကြတဲ့ပွဲမှာ နယ်သာလန်က ပွဲပြီးခါနီးမှ ဦးဆောင်ဂိုး ၂ဂိုး ဆက်တိုက် ရခဲ့ပြီး အဖွင့်လှခဲ့ပါတယ် ။

နယ်သာလန်ဖက်က ရခဲ့တဲ့ ၂ဂိုးလုံးဟာ ဆီနီဂေါ ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီရဲ့ ဆုံးဖြတ်ချက် အမှားအယွင်းတွေကြောင့်သာ မဟုတ်ရင် ဖြစ်လာဖွယ် မရှိတဲ့ ဂိုးမျိုးတွေ ဖြစ်ပါတယ် ။ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ကိုဒီ ဂတ်ပိုရဲ့ ခေါင်းတိုက်ချက် က ကောင်းခဲ့ပေမယ့် ၊ မန်ဒီဟာ ဆုံးဖြတ်ချက် မပြတ်သားပဲ ဘောလုံး ထွက်ပုတ်ဖို့ နောက်ကျခဲ့ပါတယ် ။

အကယ်၍ ဖရန်ကီ ဒီဂျောင်ရဲ့ ဖြတ်တင်ဘောကို စောစောစီးစီး ကြိုတင် တွက်ဆနိုင်ခဲ့မယ် ဆိုရင် မန်ဒီဟာ ဒီနေရာမှာ အနည်းဆုံး ဂိုးပေါက်ထဲမှာပဲ နေပြီး ၊ ဂတ်ပိုရဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်ဖို့ အခွင့်အရေး ရှိခဲ့မှာ ဖြစ်ပါတယ် ။

နာကျင်အချိန်ပို နောက်ဆုံး မိနစ်က ပေးဂိုးမှာလည်း မန်ဒီ ဟာ နယ်သာလန် လူစားဝင် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းရဲ့ အားပျော့တဲ့ ကန်ချက်ကို မဖမ်းနိုင်ခဲ့တဲ့ အပြင် ၊ သေသေချာချာ ပုတ်ထုတ်နိုင်ခဲ့ခြင်း မရှိ်ခဲ့တာကြောင့် ၊ လျှံထွက်လာတဲ့ ဘောလုံးကို အသင့်ပြေးဝင်လာတဲ့ ဒေဗီ ကလာဆန်က သာသာယာယာ ပိတ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

အသက် ၃၀နှစ် အရွယ်ရှိ မန်ဒီ ဟာ ယခုနှစ် ရာသီမှာ တည်ငြိမ်တဲ့ လက်စွမ်းကောင်း ရနိုင်ဖို့ ရုန်းကန်နေရပြီး ၊ ချဲလ်ဆီး အသင်းမှာ ပွဲထွက် ဂိုးသမာ နေရာကို ကီပါ အရီဇာဘာလာဂါထံ ပြန်ပြီး လွှဲပြောင်းပေးထားရကာ ၊ ပရီးမီးယားလိဂ် အဖွင့်ပွဲက လွဲပြီး Clean Sheet လုံးဝ စွမ်းဆောင်ထားနိုင်ခြင်း မရှိခဲ့ပါဘူး ။

ITV ရုပ်သံဌာနရဲ့ ပွဲကြေညာချိန် အတွင်း ရိန်းဂျားစ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလီမက်ကွိုက်စ် ကတော့ ဗီလိန် ဖြစ်ခဲ့တဲ့ မန်ဒီရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် အခုလိုပဲ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့ပါတယ် ။

မက်ကွိုက်စ် က ” ပထမ ပေးဂိုးရော ၊ ဒုတိယ ပေးဂိုးမှာပါ ကျွန်တော် သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှ ကျေနပ်မှု မရှိပါဘူး ။ အဖွင့်ဂိုးမှာ သူဟာ ဂိုးပေါက်နဲ့ ခပ်ဝေးဝေးဆီ ပြတ်ပြတ်သားသား ရှင်းထုတ်ရမယ့် အစား လက်ဖဝါးနဲ့ အသာလေး ပုတ်ထုတ်နိုင်ဖို့သာ ကြိုးစားခဲ့ပါတယ် ။ ”

” ဒါမျိုးက ဂိုးသမား တယောက် အတွက် သက်တောင့်သက်သာ ရှိရမယ့် ကာကွယ်မှု ဖြစ်ပါတယ် ။ ဒီပိုင်းရဲ့ ကန်ချက်က ဂိုးဝင်နိုင်တဲ့ အနေအထားတောင် မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကလည်း မက်ကွိုက်စ်ရဲ့ သုံးသပ်ချက် အပေါ် အခုလိုပဲ ထောက်ခံလိုက်ပါတယ် ။

အီယန်ရိုက် က ” ကျွန်တော့ အတွက်တော့ ဒီနေရာမှာ ဂိုးသမားက ဒီထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့သင့်ပါတယ် ။ သူ့လို အဆင့်အတန်းမျိုးနဲ့ ဂိုးသမား တယောက်ဟာ ဒီကန်ချက်ကို ဂိုးပေါက်နဲ့ လွတ်မယ့် နေရာဆီ ပုတ်ထုတ်နိုင်ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR