ဆော်ဒီ အသင်းကို ရှုံးနိမ့် ခဲ့ရမှုအတွက် ဆင်ခြေတွေ မပေးလိုကြောင်း နှင့် အကောင်းဆုံ ပုံစံ နဲ့ ပြန်လာမယ်လို့ ကတိပေးလိုက်တဲ့ မက်ဆီ

ကိုပါ အမေရိက ချန်ပီယံ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ၃၆ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် မှတ်တမ်းနဲ့ ရောက်လာတဲ့ အသင်းပါ ။ ဒါပေမယ့် အာဂျင်တီးနား အသင်းဟာ အုပ်စု အဖွင့် ပွဲစဉ်မှာတင် ဆော်ဒီအာရေဘီးယား အသင်းကို အရေးနိမ့် သွားခဲ့တာကြောင့် သူတို့ရဲ့ ရှုံးပွဲ မရှိ စံချိန် ရပ်တန့် သွားခဲ့ရပါတယ် ။

အာဂျင်တီးနား အသင်းဟာ မက်ဆီ ရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ ဆော်ဒီ ကို ဦးဆောင် ကစား နိုင်ခဲ့ပြီး ပထမပိုင်းမှာ နောက်ထပ် သွင်းဂိုး ၃ ဂိုး ထပ်သွင်း နိုင်ခဲ့ပေမယ့် သုံးဂိုးစလုံး လူကျွံဘော ဖြစ်နေခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဒုတိယပိုင်း စပြီး သိပ်မကြာခင် အချိန်မှာ ဆော်ဒီ အသင်းဟာ ၅ မိနစ် အတွင်း ချေပဂိုး နဲ့ အနိုင်ဂိုးတွေကို သွင်းယူ သွားခဲ့ပါတယ် ။

ဆော်ဒီ အသင်းရဲ့ ဦးဆောင်မှုကို အာဂျင်တီးနား တို့ ပွဲပြီးတဲ့ အထိ ပြန်လည် ချေပနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနား အသင်း အဖွင့်ပွဲမှာ ရှုံးနိမ့် ခဲ့ရမှုဟာ ကမ္ဘာ့ဘောလုံးလောက ကို အကြီးအကျယ် အံ့ဩ တုန်လှုပ် သွားစေခဲ့ပါတယ် ။

အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီ ကတော့ ပွဲပြီး အင်တာဗျူးမှာ ရှုံးပွဲ အတွက် ဘာဆင်ခြေမှ မပေးလိုကြောင်း ဆိုလိုက်ပြီး အခုထက် ပိုမို သန်မာတဲ့ အစုအဖွဲ့ အဖြစ် နောက်ပွဲတွေမှာ ပြန်လာမယ်လို့ ကတိပေးသွားခဲ့ပါတယ် ။

” အမှန်အတိုင်း ပြောရရင် ဒီနေ့ရှုံးပွဲက ကျနော်တို့ အတွက် တကယ့်ကို ကြီးမား ခက်ခဲတဲ့ ထိုးနှက်ချက်ပါပဲ ။ ကမ္ဘာ့ဖလား ကို အရှုံးရလဒ် နဲ့ စတင်ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး ၊ ကျနော်တို့ အနိုင် သုံးမှတ် ရယူနိုင်မယ်လို့ပဲ မှန်းထားခဲ့တာပါ ။ ”

” ဖြစ်ပျက်သမျှမှာ သူ့အကြောင်းနဲ့သူ ရှိကြပါတယ် ၊ နောက်လာမယ့်ပွဲတွေ အတွက် ကြိုတင် ပြင်ဆင်ပြီးအနိုင်ရအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။အနိုင်ရဖို့ က ကျွန်တော်တို့အပေါ် ပဲ မူတည်တာပါ ။ ”

“ရှုံးပွဲအတွက် ဘာဆင်ခြေ မှ မပေးချင်ပါဘူး ၊ ကျွန်တော်တို့ အရင်ကထက် ပိုစည်းလုံး ညီညွှတ်တဲ့ ပုံစံ ကို ပြသသွားပါမယ် ၊ ဒီအသင်းက သန်မာတဲ့ အသင်းတစ်သင်း ဖြစ်ကြောင်း အတိတ်မှာလည်း ပြသ ခဲ့ဖူးပြီးပါပြီ ။ ဒီလို အခြေအနေမျိုး မကြုံရတာ ကာလ အတန်ကြာနေခဲ့ပါပြီ ။ ”

” အခုတော့ ကျနော်တို့ဟာ စစ်မှန်တဲ့ အစုအဖွဲ့ ဖြစ်ကြောင်း ပြသနိုင်ဖို့ လိုအပ်လာပါပြီ ။ နာကျင်စရာ ရှုံးနိမ့်မှု ဖြစ်ပေမယ့် ကျနော်တို့ ကိုယ့်ကိုယ်ကို ဆက်လက် ယုံကြည်ဖို့လည်း လိုပါတယ် ၊ ပရိသတ်တွေကိုလည်း ကျနော်တို့ကို ယုံကြည် ပေးကြဖို့ တောင်းဆိုပါတယ် ၊ ဘာတွေမှားယွင်းခဲ့သလဲဆိုတာ သေချာ ဆန်းစစ် အဖြေရှာသွားပါမယ် ၊ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေကိုပဲ အာရုံစိုက်ပြီး မက္ကဆီကို နဲ့ ပွဲအတွက် ပြင်ဆင်သွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM