ချဲလ်ဆီး ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ စတား တဦးကို ရီးရဲလ်မက်ဒရစ်တို့ ခေါ်ယူနိုင်ဖို့ သူ ဘယ်လို ပူးပေါင်းပါဝင်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ မက်ခီလီလီ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ရီးရဲလ်မက်ဒရစ် အသင်းဟာ ၄င်းတို့ရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် မိုနာကို အသင်းရဲ့ ပြင်သစ် ကြယ်ပွင့် ကွင်းလယ်လူ အော်ရယ်လီယန် ချူဝါမန်နီကို ပေါင် ၈၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ ချူဝါမန်နီဟာ ရီးရဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့ခင် အခြား ဥရောပ အင်အားကြီး ကလပ် အချို့ရဲ့ ချဉ်းကပ်မှုကို ရရှိခဲ့ပေမယ့် ၊ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ဖြစ်တဲ့ Los Blancos တို့ရဲ့ ကမ်းလှမ်းမှုကိုတော့ အခြား ကမ်းလှမ်းမှုတွေနဲ့ လဲနိုင်ခဲ့ခြင်း မရှိပါဘူး ။

ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ချူဝါမန်နီကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ဖို့ ဥက္ကဋ္ဌ ဖြစ်သူ ဖလော်ရင်တီနို ပီရက်ဇ်ထံ ၄င်းရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အတွင်းကျကျ ပြောပြခဲ့ကြောင်းကို ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း ကလော့ဒ် မက်ခီလီလီက AS သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

မက်ခီလီလီ က ” ချူဝါမန်နီ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခါနီးတုန်းက ကျွန်တော် ဖလော်ရင်တီနို ပီရက်ဇ်နဲ့ စကားပြောဖြစ်ခဲ့ပါတယ် ။ သူက ချူဝါမန်နီ အကြောင်း ပိုသိချင်ခဲ့တာကြောင့် ကျွန်တော့ဆီ မေးမြန်းခဲ့တာပါ ။ ချဲလ်ဆီးကလည်း ချူဝါမန်နီကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တာ ကျွန်တော် သိပါတယ် ။ ”

” ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ခင်ဗျားကို တကယ် လိုလိုလားလားနဲ့ လာခေါ်တယ်ဆိုရင်တော့ ခင်ဗျား သွားသင့်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက ခင်ဗျားကို အကောင်းဆုံး ခြေစွမ်း ရစေဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လောလောဆယ်မှာတော့ ချူဝါမန်နီဟာ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ် အသင်းနဲ့ အတူ ကာတာ ကမ္ဘာ့ဖလား ဆင်နွှဲဖို့ ပူးပေါင်းလျက်ရှိပြီး ၊ ယနေ့ညမှာ ကစားမယ့် သြစတြေးလျ အသင်းနဲ့ ရင်ဆိုင်မယ့် အုပ်စု အဖွင့်ပွဲမှာ World Cup debut ပွဲထွက်ခွင့် ရဖို့ကို မျှော်လင့်နေမှာ သေချာပါတယ် ။

Le Parisien နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချူဝါမန်နီ က ရီးရဲလ်မက်ဒရစ်သို့ မပြောင်းရွှေ့မီ လီဗာပူး ၊ ပီအက်စ်ဂျီတို့ထံက ချဉ်းကပ်မှု ရခဲ့ကြောင်း ဝန်ခံရင်း ၊ Los Blancos ရောက်လာအပြီးမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်က မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့သာ ဦးတည်ခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ချူဝါမန်နီ က ” ကျွန်တော့ဆီ ပထမဆုံး ချဉ်းကပ်လာခဲ့တဲ့ အသင်းက လီဗာပူးပါ ။ ကျွန်တော်တို့ အပြောင်းအရွှေ့ အကြောင်း ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဲဒီနောက် ရီးရဲလ်က ကျွန်တော့ဆီ ရောက်လာပါတယ် ။ အဆုံးမှာ ကျွန်တော့ အတွေးထဲ အရာရာ ရှင်းလင်းခဲ့ပါတယ် ။ ဒါကတော့ ရီးရဲလ်ကလွဲပြီး တခြား အသင်း မပြောင်းချင်ဘူး ဆိုတာပါပဲ ။ ”

” ဒါက ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ်ပါ ။ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ဆွတ်ခူးချင်တယ် ၊ ကိုယ်ပိုင် ကစားသမား ဘဝရဲ့ အောင်မြင်မှု မှတ်တိုင်တွေကို စိုက်ထူချင်တယ် ဆိုရင်တော့ ရီးရဲလ်ထက် ပိုကောင်းတဲ့ အသင်း မရှိတော့ပါဘူး ။ ဒီတော့ ကျွန်တော် တစက္ကန့်တောင် တွေဝေခဲ့ခြင်း မရှိပါဘူး ။ ”

” သူတို့ဆီက ချိတ်ဆက်မှု ရနေသ၍ သူတို့ဆီ ပြောင်းရွှေ့နိုင်ဖို့ ကျွန်တော်တို့ အရာရာ ကြိုးစားသွားမယ် ဆိုပြီး အေးဂျင့်ဆီ ကျွန်တော် ပြောခဲ့ပါတယ် ။ ဒီကြားထဲ ပီအက်စ်ဂျီက ကျွန်တော့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ၊ ကျွန်တော့ ဆုံးဖြတ်ချက်က ပြတ်သားခဲ့ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR