အီရန် နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲမှာ အင်္ဂလန် အသင်း ဘယ်လို ပွဲထွက်လာနိုင်သလဲ

နာမည်ကြီး အင်္ဂလန် အသင်းဟာ ဒီကနေ့ည မြန်မာ စံတော်ချိန် ၇ နာရီ မိနစ် ၃၀ မှာ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် အဖြစ် အီရန် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ဒုတိယမြောက် ပွဲ ဖြစ်ပြီး အဖွင့်ပွဲမှာတော့ အိမ်ရှင် ကာတာ အသင်းဟာ အီကွေဒေါ အသင်းကို နှစ်ဂိုးပြတ် အရေးနိမ့် ခဲ့ရပါတယ် ။

SunSport ကတော့ အီရန် နဲ့ ပွဲမှာ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရို ဖိုင်နယ် အီတလီ နဲ့ ပွဲတွင် အသုံးပြုခဲ့တဲ့ ပွဲထွက် လူစာရင်းကို နှစ်နေရာပဲ အပြောင်းအလဲ ပြုလုပ်ပြီး ၄-၃-၃ နဲ့ ပွဲထွက်လာမယ်လို့ ဆိုပါတယ် ။

ဂိုးသမား နေရာမှာတော့ ပွဲထွက် ကစားနေကြ ပစ်ဖိုဒ့် ပဲ ပွဲထွက်လာဖို့ ရှိပြီး နောက်တန်း အတွဲအဖက် အဖြစ် မက်ဂွိုင်းယား နဲ့ စတုန်း တို့ကိုပဲ တွဲဖက် ပေးဖို့ ရှိနေပါတယ် ။ ခံစစ် အစွန်လူတွေ အဖြစ် ထရစ်ပီယာ နဲ့ လုခ်ရှော တို့ကို အသုံးပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ကွင်းလယ်မှာတော့ ဒီကလန်ရိုက်စ် ကို မေဆင်မောင့် ၊ ဘယ်လင်ဟမ် တို့နဲ့ အတူ ပွဲထွက် ကစားစေမှာ ဖြစ်ပြီး ဘယ်တောင်ပံမှာတော့ ၂၀၂၀ ယူရို တုန်းက အင်္ဂလန် အသင်း ရဲ့ ဟီးရိုး ဖြစ်ခဲ့တဲ့ စတာလင် ပဲ ကစားမှာ ဖြစ်ပါတယ် ။

ညာတောင်ပံမှာတော့ ဒီရာသီ အာဆင်နယ် အသင်းမှာ ပုံစံကောင်း ရနေတဲ့ ဆာကာ ပွဲထွက်လာမှာ ဖြစ်ပြီး မန်စီးတီး ကြယ်ပွင့် ဖိုဒန် ကတော့ အရန်ခုံ ထိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ဆာကာ ဟာ ဒီရာသီအာဆင်နယ် အတွက် ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားရာမှာ ၄ ဂိုးသွင်း ၆ ဂိုးဖန်တီး ပေးထားပါတယ် ။

အင်္ဂလန် အသင်းရဲ့ တိုက်စစ် ကိုတော့ အသင်း ခေါင်းဆောင် ဟယ်ရီကိန်း ကပဲ ဦးဆောင် လာမှာ ဖြစ်ပါတယ် ။ ဂျိမ်းစ် မက်ဒီဆင် နဲ့ ဝေါလ်ကာ တို့ကတော့ ဒဏ်ရာ ပြဿနာတွေကြောင့် အီရန် နဲ့ အဖွင့်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ မက်ဒီဆင် ရဲ့ ကြံ့ခိုင်မှု အခြေအနေ နဲ့ ပတ်သက်ပြီး ” သူ ခုထက်ထိ လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး ။ ဒါက အနည်းငယ် စိုးရိမ်စရာတော့ ဖြစ်ပါတယ် ။ သူ လေ့ကျင့်ခန်း မဆင်းနိုင်တဲ့ အချိန် ပိုကြာလေ သူ့ကို ကစားခိုင်းဖို့ အချိန်ပိုယူရလေ ဖြစ်နေမှာပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ သူ အဲ့လောက်အကြာကြီး လွဲချော်မယ်လို့တော့ မမျှော်လင့်ထားပါဘူး ၊ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ် သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အင်္ဂလန် အသင်းဟာ အီရန် အသင်း နဲ့ ပြီးရင် အမေရိကန် ၊ ဝေးလ်စ် တို့နဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ် ။

SM