‘ အဝတ်လဲခန်းထဲ ဘာသွေးကွဲမှုမှ မဖြစ်ပါဘူး ‘ – ရော်နယ်ဒို အင်တာဗျူး အပေါ် တုန့်ပြန် ဖြေကြားခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းဖော် ရူဘင် နက်ဗက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပေါ်တူဂီ စူပါစတား တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား မစတင်မီ ရက်ပိုင်း အလိုမှာ အာဆင်နယ် ကစားသမားဟောင်း ပီးယာ့စ် မော်ဂန်နဲ့ အထွေထွေ အင်တာဗျူး တရပ် လုပ်ခဲ့ပါတယ် ။

ယင်းအင်တာဗျူးမှာ ရော်နယ်ဒိုက သူ လက်ရှိ မန်ယူနိုက်တက်မှာ အဆင်မပြေနေတဲ့ အကြောင်း ၊ အသင်းဖော်ဟောင်းတွေရဲ့ ဝေဖန်မှုတွေ အကြောင်း ၊ ၄င်းအပေါ် နည်းပြဖြစ်သူ အဲရစ် တမ်ဟဂ်နဲ့ အခြား အရေးကြီး ပုဂ္ဂိုလ်တို့က အလေးအနက် မထားတဲ့ အကြောင်း အစရှိသဖြင့် ဖြစ်ကြောင်းကုန်စင် ထုတ်ပြောခဲ့ပါတယ် ။

ဒီအတွက်ကြောင့် နောက်ဆက်တွဲ တုန့်ပြန်မှုတွေ အနေနဲ့ မန်ယူနိုက်တက်ဟာ တရားဝင် statement ထုတ်ပြန်ခဲ့ပြီး ၊ လူအများရဲ့ အမြင်မှာလည်း ကမ္ဘာ့ဖလား ပြီးရင် ရော်နယ်ဒိုရဲ့ အနာဂတ် မန်ချက်စတာမှာ ဆက်မရှိတော့ဘူးလို့ တထစ်ချ ယုံကြည်ထားကြပါတယ် ။

ဒီအင်တာဗျူးဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ အဝတ်လဲခန်း အပေါ် အနည်းနဲ့ အများ သက်ရောက်မှု ရှိနေပေမယ့် ၊ အသင်းသားတွေကတော့ ရော်နယ်ဒိုဖက်က ကာကွယ် ပြောဆိုပေးထားတာကို တွေ့ရပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ကွင်းလယ်လူ ရူဘင် နက်ဗက်စ်က ထိုအင်တာဗျူးကြောင့် အသင်း အတွင်း စိတ်ဝမ်းကွဲမှု လုံးဝ မရှိကြောင်း ယတိပြတ် တုန့်ပြန် ဖြေရှင်းခဲ့ပါတယ် ။

နက်ဗက်စ် က ” အဝတ်လဲခန်းထဲမှာ ဘာသွေးကွဲမှုမှ မရှိပါဘူး ။ ဒီတော့ အဲဒီ အင်တာဗျူးကြောင့် ကျွန်တော်တို့ အပေါ် တစုံတရာ သက်ရောက်မှု ရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဒီလို အယူအဆ ကွဲလွဲမှုတွေက မီဒီယာတွေ ကြားမှာသာ ရှိပါတယ် ။ အဝတ်လဲခန်းထဲမှာ မဟုတ်ပါဘူး ။ ”

” ဒီအကြောင်းနဲ့ ပတ်သက်ပြီး အားလုံး ပြောထားပြီးသားပါ ။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလား အပေါ်သာ ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ် ။ လက်ရွေးစင် အသင်းရဲ့ ဘေးပတ်ဝန်းကျင်က လုံးဝ အံ့သြဖွယ်ကောင်းနေပါတယ် ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒါ့အပြင် ရော်နယ်ဒို ကိုယ်တိုင်ကလည်း မနေ့က သတင်းစာ ရှင်းလင်းပွဲသို့ ထိုအင်တာဗျူး ကိစ္စ ဖြေရှင်းဖို့ ရောက်ချလာခဲ့ရာ ၊ ၄င်းက အသင်းဖော်တွေကို သူ့အကြောင်းနဲ့ ပတ်သက်ပြီး မေးခွန်းဖိမေးနေတာတွေကို ရပ်တန့်ဖို့ မေတ္တာ ရပ်ခံသွားခဲ့ပါတယ် ။

ဆက်လက်ပြီး နက်ဗက်စ် က လက်ရွေးစင် အသင်းမှ ရော်နယ်ဒိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ” ထရိန်နင်တွေမှာ ကျွန်တော် မြင်တွေ့ထားရသလောက်တော့ ခရစ်တီယာနိုဟာ ပုံစံကောင်း တရပ်မှာ ရှိနေပါတယ် ။ ဒီတော့ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘာအခက်အခဲမှ ဖြေရှင်းဖို့ မရှိပါဘူး ။ ”

” ကစားသမား တဦးချင်းစီက အကောင်းဆုံး အရည်အသွေးတွေ စုပေါင်းပြီး ၊ အသင်းလိုက် ဟန်ချက်ညီညီနဲ့ ကစားနိုင်မှသာ ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရမယ် ဆိုတာ ကျွန်တော်တို့ အပြည့်အဝ သတိထားမိပါတယ် ။

ခရစ်တီယာနိုဟာလည်း တခြား အသင်းသားတွေနဲ့ ထူးမခြားနားပါပဲ ။ ကျွန်တော်တို့သာ ကစားပုံ ကောင်းရင် ၊ သူလည်း အံ့သြဖွယ် ခြေစွမ်းပြနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR