သြစတြီးယားနဲ့ ခြေစမ်းပွဲ မတိုင်မီ ကမ္ဘာ့ဖလား ဖွင့်ပွဲကို ရင်နာနာနဲ့ ကြည့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံလာတဲ့ ဘိုနူချီ

မနေ့ညက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင် ဖွင့်လှစ် ကျင်းပခဲ့ပြီး ၊ အုပ်စု A ရဲ့ အဖွင့်ပွဲ အဖြစ် အီကွေဒေါ အသင်းနဲ့ အိမ်ရှင် ကာတာ အသင်းတို့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရာ ၊ အီကွေဒေါ က တိုက်စစ်မှူး အန်နာ ဗလန်စီယာရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရကာ အဖွင့်လှခဲ့ပါတယ် ။

တဖက်မှာ မနေ့ညက ကမ္ဘာ့ဖလား ကစားခွင့် မရတဲ့ အသင်းတွေရဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲ အချို့ ရှိခဲ့ပြီး ၊ နာမည်ကြီး အီတလီနဲ့ သြစတြီးယားတို့ရဲ့ ခြေစမ်းပွဲမှာ အိမ်ရှင် သြစတြီးယား က ရှလာဂါ ၊ အလာဘာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ် ။

လက်ရှိ ယူရို ချန်ပီယံ အီတလီ ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ဒုတိယ နေရာသာ ရခဲ့လို့ Play-off ကနေ တက်ရောက် ဆင်နွှဲနိုင်ဖို့ ကြိုးစားခဲ့ရပေမယ့် ၊ မြောက်မက်ဆီဒိုးနီးယား အသင်းကို Play-off ဆီမီးဖိုင်နယ်မှာ ၀ – ၁ ရလဒ်နဲ့ သွားရှုံးခဲ့လို့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ၂ကြိမ်ဆက် လွဲချော်ခဲ့ပါတယ် ။

မနေ့ည ခြေစမ်းပွဲ မတိုင်မီ နာရီပိုင်း အလိုမှာ ကမ္ဘာ့ဖလား ဖွင့်ပွဲ ကျင်းပခဲ့ရာ အီတလီ အသင်းသား အချို့ ရင်နာနာနဲ့ ထိုဖွင့်ပွဲကို တီဗွီ ဖန်သားပြင်ကနေ ကြည့်ရှုခဲ့ကြောင်း အီတလီ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်တဲ့ ဝါရင့် ခံစစ်မှူး လီယိုနာဒို ဘိုနူချီက အခုလိုပဲ ဖွင့်ဟဝနခံခဲ့ပါတယ် ။

RAI Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဘိုနူချီ က ” ကမ္ဘာ့ဖလား ဆင်နွှဲခွင့် မရခဲ့လို့ ကျွန်တော်တို့ အကြီးအကျယ် စိတ်ပျက် ဝမ်းနည်းခဲ့တာ အမှန်ပါပဲ ။ ကျွန်တော် အပါအဝင် တချို့ အသင်းသားတွေဆိုရင် စိတ်နာနာနဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲ ကြည့်ခဲ့ကြပါသေးတယ် ။ ဒါပေမယ့် ကာတာကို သွားခွင့် မရခဲ့လို့ ငိုကြွေးနေရုံနဲ့ မပြီးပါဘူး ။ ဒါတွေက အတိတ် ဖြစ်သွားပါပြီ ။ ”

” ဒါကို ကျွန်တော်တို့ ပြောင်းလဲ မရသလို ၊ ရှေ့လျှောက်ရမယ့် အနာဂတ်ကိုပဲ ကျွန်တော်တို့ ဆက်ကြည့်ခွင့် ရှိပါတယ် ။ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် မရခဲ့တဲ့ စိတ်ပျက်မှု ပြီးတဲ့နောက် ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းကလို အောင်မြင်တဲ့ အသင်း တသင်း ဖြစ်အောင် ကျွန်တော်တို့ ပြန်လည် တည်ဆောက်ရပါမယ် ။ နေရှင်လိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ ၊ ယူရို ခြေစစ်ပွဲ အောင်ဖို့ ကျွန်တော်တို့ ဆက်လုပ်နိုင်ပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အီတလီဟာ မနေ့ည က ပွဲမတိုင်မီ အယ်လ်ဘေးနီးယားကို ၁ – ၃ ရလဒ်နဲ့ နိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ၃ – ၄ – ၃ နည်းစနစ်ကို စမ်းသပ် အသုံးပြုခဲ့ရာ ၊ အောင်မြင်ခဲ့ပေမယ့် ၊ မနေ့ညက ပွဲမှာတော့ ထိုနည်းစနစ်က ဟာကွက်များစွာ ရှိခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဘိုနူချီက အခုလိုပဲ သုံးသပ်ပြောဆိုခဲ့ပါတယ် ။

ဘိုနူချီ က ” ဒီနေ့ ကျွန်တော်တို့ ကိုယ်ပိုင်ဟန် မရနေခဲ့ပါဘူး ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ။ သြစတြီးယားက မာမာထန်ထန် တုန့်ပြန် ကစားမယ် ဆိုတာ သိထားခဲ့သည့်တိုင် ကျွန်တော်တို့ အမှား အများကြီး လုပ်ခဲ့မိပြီး ၊ ပြိုင်ဖက်ကို နေရာလွတ် အများအပြား ပေးခဲ့မိပါတယ် ။ ”

” ဒီနေ့လို ပွဲဟာ ကျွန်တော်တို့ကို ပိုပြီး တိုးတက်စေဖို့ ၊ ရင့်ကျက်စေဖို့ ၊ တဦးအကြောင်း တဦး ပိုပြီး သဘောပေါက် နားလည်လာစေဖို့ အထောက်အကူ ပေးတဲ့ ပွဲမျိုးဆိုတာ ရှင်းနေပါတယ် ။ ဒီမတိုင်ခင် အယ်လ်ဘေးနီးယားနဲ့ ပွဲကတည်းက ကျွန်တော်တို့ဟာ ထပ်တူ ရုန်းကန်ခဲ့ရတဲ့ ဧရိယာ တနေရာ ရှိခဲ့ပြီး ၊ ဒါကို ကြိုတင် ကာကွယ်နိုင်ဖို့ကောင်းခဲ့ပါတယ် ။ ”

” အမှန်အတိုင်း ပြောရရင် ဒီလို အရာတွေက အသားကျဖို့ အချိန် လိုအပ်ပြီး ၊ ကစားပုံ အချိတ်အဆက် အချို့ အတွက် လေ့ကျင့်မှုတွေ လိုအပ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ရတဲ့ အရာတွေထဲက အရေးကြီးဆုံး တခုက အသင်း အတွက် ကစားပေးဖို့ အသင့်ဖြစ်နေတဲ့ အီတလီ မျိုးဆက်သစ် လူငယ်တွေ ရှိနေပြီ ဆိုတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR