သမီးဖြစ်သူကြောင့် စပိန် ကစားသမား တစ်ဦးကို မဖြစ်မနေ ပွဲကစားခွင့်ပေးရမယ့် အရေးနဲ့ ကြုံနေတယ်လို့ အရွှန်းဖောက်လိုက်တဲ့ အန်နရီကေး

စပိန် လက်ရွေးစင် အသင်း နည်းပြ အန်နရီကေး က ကမ္ဘာ့ဖလားမှာ ဖာရန်တောရက်စ် ကို ပွဲကစားခွင့် ပေးရဖွယ် ရှိနေတယ်လို့ ဆိုလိုက်ပြီး ဖာရန်တောရက်စ် ကို ကစားခွင့် မပေးရင် သူ့သမီး သူ့ကို ရန်ပြုလိမ့်မယ်လို့ အရွှန်းဖောက် ပြောကြား လိုက်ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖာရန်တောရက်စ် ဟာ မန်စီးတီး အသင်း ကနေ ဘာစီလိုနာ ကို မပြောင်းရွှေ့ခင် ဒီနှစ် အစောပိုင်းမှာကတည်းက အန်နရီကေး ရဲ့ သမီး ဖြစ်သူ နဲ့ ချစ်သူ ရည်းစားတွေ အဖြစ် တရားဝင် တွဲနေကြတာပါ ။ဖာရန်တောရက်စ် ဟာ ဘာစီလိုနာ အသင်း အတွက် ၄၄ ပွဲ ကစား ၁၂ ဂိုး သွင်းပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့နောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် စပိန် အသင်း လူစာရင်းမှာ ရွေးချယ် ခံထားရပါတယ် ။

စပိန် နည်းပြ အန်းနရီကေး ကတော့ သတင်းစာရှင်းလင်းပွဲမှာ ဖာရန်တောရက်စ် နဲ့ ပတ်သက်ပြီး ခုလို အရွှန်းဖောက် သွားခဲ့ပါတယ် ။ ” ဖာရန်တောရက်စ် ကို ကျနော် line-up ထဲ ထည့်ဖို့ လိုမယ် ထင်ပါတယ် ၊ မထည့်ရင် သူ့ ရည်းစား ကျနော့်သမီး က ကျနော့် ခေါင်းကို လာ​ြ- တ်မယ့် အနေအထား ရှိပါတယ် ။ ” လို့ အရွှန်းဖောက် သွားခဲ့တာပါ ။

ဒါ့အပြင် အန်နရီကေး က အဖွင့်ပွဲ အတွက် ခုထက်ထိ ပွဲထွက် ၁၁ ယောက်ကို မရွေးချယ်ရသေးကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။ ” ကြံ့ခိုင်မှု လုံးဝ ပြည့်တဲ့သူ ၊ လေ့ကျင့်ရေးကွင်းမှာ အားထုတ်မှု အပြည့်ရှိတဲ့သူကိုပဲ ရွေးချယ် သွားမှာပါ ။ ခုထက်ထိ ကော်စတာရီကာ နဲ့ ပွဲအတွက် ပွဲထွက် ၁၁ ယောက်ကို မရွေးရသေးပါဘူး ၊ စဉ်းစားထားတာ အနည်းငယ်တော့ ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။

ဖာရန်တောရက်စ် ကတော့ ချစ်သူရဲ့ ဖခင်လက်အောက်မှာ ကစားရတဲ့ အတွက် ဖိအား အထွေအထူး မရှိကြောင်း ဆိုထားပါတယ် ။ ” ကျနော်ရော နည်းပြကြီးရော မိသားစု ဆက်ဆံရေး နဲ့ ကစားသမား နည်းပြ ဆက်ဆံရေး က တစ်ကန့်စီ ဆိုတာ ကောင်းကောင်း သိထားကြပါတယ် ။ ”

” ကျနော်တို့ တစ်ယောက် နဲ့ တစ်ယောက် ပုံမှန် ပြောဆို နေကြအတိုင်းပဲ ဆက်ဆံ ပြောဆိုပါတယ် ၊ ဘာပြဿနာ ဖိအား မှ မရှိပါဘူး ၊ အဆင်ပြေပြေပါပဲဗျာ ။ ” လို့ ဆိုပါတယ် ။ ဖာရန်တောရက်စ် ဟာ ဒီရာသီမှာ စပိန် အသင်း အတွက် ကိုးပွဲ ကစားပြီး ၁ ဂိုး သွင်းထားသူပါ။

စပိန် အသင်းဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ပျှမ်းမျှ အသက် ၂၆.၁ နှစ် ရှိပါတယ် ။ စပိန် အသင်းဟာ ကမ္ဘာ့ဖလားမှာ ဂျာမနီ ၊ ဂျပန် ၊ ကော်စတာရီ​ကာ တို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက် နေပါတယ် ။

စပိန် အသင်းဟာ လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ကော်စတာရီကာ အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM