၂၀၁၀ ကမ္ဘာ့ဖလားမှ အရှက်ရဖွယ် ဂိုးပေါက် ကာကွယ်ပုံ အကြောင်း ပြန်ပြောင်းဖွင့်ဟလာတဲ့ ရောဘတ်ဂရင်း

ယနေ့ညမှာ စတင်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အုပ်စု B မှာ အင်္ဂလန်ဟာ အမေရိကန် ၊ ဝေးလ်စ် ၊ အီရန် အသင်းတွေနဲ့ အတူတူ ကျရောက်နေပါတယ် ။ အင်္ဂလန် ဟာ မနက်ဖြန်ညမှာ အီရန်နဲ့ အုပ်စု အဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး ၂၆ရက်နေ့မှာ အမေရိကန်နဲ့ ဆက်ပြီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

အင်္ဂလန်နဲ့ အမေရိကန်တို့ဟာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားမှာလည်း တအုပ်စုတည်း ကျခဲ့ပြီး ၊ ထိုစဉ်က ထိပ်တိုက် ရင်ဆိုင်မှုဟာ တဖက် တဂိုးစီ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ် ။ ထိုပွဲမှာ အင်္ဂလန်ဟာ ကွင်းလယ်လူ စတီဗင် ဂျရတ်ရဲ့ သွင်းဂိုးနဲ့ ပွဲပြီးခါနီး အထိ ဦးဆောင်ခဲ့ပါတယ် ။

ပွဲပြီးခါနီးမှာ အမေရိကန် တိုက်စစ်မှူး ကလင့် ဒမ်ဆေးရဲ့ အဝေးကန်ချက်ကို အင်္ဂလန် ဂိုးသမား ရောဘတ်ဂရင်း လက်နဲ့ အသာအယာ ဖမ်းဖို့ ကြိုးစားရာကနေ မထင်မှတ်ပဲ ဘောလုံး လွတ်ထွက်ခဲ့ကာ ၊ ဂိုးဝင်သွားခဲ့ပါတယ် ။ ထိုပွဲ နောက်ပိုင်း အင်္ဂလန် နည်းပြ ဖာဘီယို ကာပယ်လို ဟာ ၄င်းကို ဆက်မသုံးတော့ပဲ ဒေးဗစ်ဂျိမ်းစ်နဲ့ အစားထိုးခဲ့ပါတယ် ။

 

Daily Mail နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂရင်းက ၂၀၁၀ ကမ္ဘာ့ဖလားမှာ မိမိရဲ့ အရှက်ရဖွယ် နမော်နမဲ့ ကာကွယ်ပုံ အကြောင်း ပြန်ပြောင်း ဖွင့်ဟရင်း ၊ ထိုအမှားကြောင့် ၄င်းရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့တယ် ဆိုတာ အခုလိုပဲ ပြန်လည် ပြောပြလာပါတယ် ။

ဂရင်း က ” ၂၀၂၂ ကမ္ဘာ့ဖလား အတွက် အုပ်စု မဲခွဲမှု အပြီး အင်္ဂလန်ဟာ အမေရိကန်နဲ့ တအုပ်စုတည်း ကျနေခဲ့တာကို သိခဲ့ရတဲ့ အချိန်မှာ ကျွန်တော် ကလေးတွေကို ကျောင်းအကြိုအပို့ သွားလုပ်နေခဲ့တာပါ ။ သိသိချင်း တွစ်တာပေါ်မှာ ကျွန်တော် မျက်ရည်ထွက်အောင် ရယ်နေတဲ့ emoji တခုနဲ့ ပို့စ်ရေးတင်ဖို့ အချိန် ရခဲ့ပါတယ် ။ ”

” ၂၀၁၀ ကမ္ဘာ့ဖလားက ကျွန်တော့ရဲ့ အမှားကို အခုအချိန်မှာ ဟာသ တခု အနေနဲ့ ပြန်ပြီး ရယ်မောနိုင်ဖို့ အချိန် လုံလုံလောက်လောက် ကျော်ဖြတ်ခဲ့ပြီလို့ ထင်ပါတယ် ။ ဒီအမှားက ကျွန်တော့ရဲ့ ကစားသမား ဘဝ တခုလုံး အတွက် အဓိပ္ပာယ် မဖွင့်ပေးပါဘူး ။ ကစားသမား ဘဝ တလျှောက်လုံးမှာ ဒီအမှား တခုတည်း ကျူးလွန်ခဲ့တယ်ဆိုရင်တော့ ဟုတ်တာပေါ့ ။ ”

” ဒါပေမယ့် ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှားက အဲဒီ တခုတည်းမှာ မဟုတ်တာ ။ ဒီအမှား လုပ်ပြီးပြီးချင်း ကိုယ်ဘာတွေမှားခဲ့လဲ ဆိုတာ ခင်ဗျား ချက်ချင်း သိလိုက်ပါပြီ ။ ဘောလုံးဟာ ခင်ဗျားရဲ့ လက်အနေအထားနဲ့ လွဲမှားတဲ့ဖက်ကို သွားရိုက်ခဲ့ပြီး ၊ ဒီအမှားကို ပြန်အဖတ်ဆယ်ဖို့ တလက်မလောက်ပဲ ကွာခဲ့တာပါ ။ ဒါက အဓိက ခြားနားချက် ဖြစ်ပါတယ် ။ ”

” ဒီတော့ ခင်ဗျားရဲ့ စိတ်ထဲမှာ တနုံ့နုံ့ ခံစားခဲ့ရပေမယ့် ၊ လက်ကျန် ၅မိနစ်ကို ဆက်ဖြတ်သန်းရဦးမယ် ဆိုတဲ့ အသိ ခေါင်းထဲဝင်လာပါတယ် ။ ဒီထက် ပိုဆိုးနိုင်တာက ပြိုင်ဖက်ကို နောက်ထပ် ဦးဆောင်ဂိုး ထပ်ပေးလိုက်ရရင် ဆိုတာပါပဲ ။ ဒီတော့ စိတ်ဓာတ်ပိုင်း အရ ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” ပွဲမပြီးခင် အထိ ခင်ဗျားဟာ ဒီအမှားရဲ့ ပေးဆပ်မှု ပမာဏ ဘယ်လောက်ထိ ကြီးမားတယ် ဆိုတာ မသိရပါဘူး ။ တကမ္ဘာလုံးက ဒါကို ထိုင်ကြည့်နေတဲ့ အခါမှ ခင်ဗျားဟာ မဟာ အမှား တခု ကျူးလွန်လိုက်ပြီ ဆိုတာ သဘောပေါက်မိပါမယ် ။ ဒီအတွက် ကျွန်တော် စိတ်ပျက်ခဲ့ပေမယ့် ၊ ဂိုးသမား တယောက်ရဲ့ ဘဝမှာ ဒီအမှားမျိုး ဖြစ်တတ်တယ် ဆိုတာ လက်ခံရပါမယ် ။ ”

” ဒီတော့ အဲဒီ အမှား အကြောင်း တတ်နိုင်သလောက် နောက်ထပ် မစဉ်းစားမိဖို့သာ ကြိုးစားခဲရပါတယ် ။ နောက်တနေ့ညမှာ ဖာဘီယို ကာပယ်လိုက ကျွန်တော့ကို သီးသန့် ခေါ်တွေ့ခဲ့ပြီး ၊ ဒါက အရမ်း အရမ်း ကြီးမားလွန်းတဲ့ အမှား ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်ကလည်း မှားခဲ့ပေမယ့် နောက်ပွဲ ကစားဖို့ ရယ်ဒီ ဖြစ်နေကြောင်း ပြန်ပြောလိုက်ပါတယ် ။ ”

” ဒါပေမယ့် သူက ‘ နောက်ပွဲ မင်းမပါတော့ဘူး ‘ လို့ တုန့်ပြန်ခဲ့ပါတယ် ။ ဒါက အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်ပြီး ၊ ခင်ဗျားဟာ ၆လလောက်မှ တခါ ဒီလို အမှားမျိုး လုပ်နိုင်ခဲပါတယ် ။ ဒီအမှားက ကျွန်တော့ အတွက်ရော ၊ အသင်းဖော်တွေ အတွက် ဒီလောက်ကြီး ကိစ္စ မရှိခဲ့ပေမယ့် ၊ မီဒီယာက ဒါကို ပုံကြီးချဲ့ ဝေဖန်ခဲ့တာက ပိုဆိုးခဲ့ပါတယ် ။ ”

” ဒီအမှားကြောင့် ကျွန်တော့ မိတ်ဆွေတွေနဲ့ မိသားစု အပေါ် လူတွေရဲ့ ဆက်ဆံမှုတွေကို အထူး စိတ်ပျက်ခဲ့မိပါတယ် ။ အဲဒီပွဲဟာ ကျွန်တော့ မိဘတွေ ကြည့်ဖို့ မမှီခဲ့တဲ့ ပွဲအနည်းငယ်ထဲက တပွဲ ဖြစ်ပြီး ၊ နောက်မှ သူတို့ဟာ တောင်အာဖရိကကို လေယာဉ်နဲ့ ရောက်လာခဲ့ကြတာပါ ။ ”

” တနေ့ သူတို့ အပြင် လမ်းထွက်လျှောက်အပြီး အိမ်ပြန်လာဖို့ လုပ်တဲ့အချိန် ဖုန်းထဲ ‘ အိမ်ပြန်မလာနဲ့ ၊ ခင်ဗျားတို့ အိမ်ထဲဝင်လို့ ရဦးမှာ မဟုတ်ဘူး ၊ အိမ်အပြင်မှာ လူတွေ ဝိုင်းထားတယ် ‘ ဆိုတဲ့ မက်ဆေ့ခ်ျ ဝင်လာခဲ့ပါတယ် ။ ကျွန်တော့ မိတ်ဆွေတွေဟာလည်း အလုပ်ခွင်မှာ ဒီအမှားနဲ့ ပတ်သက်ပြီး ဝိုင်းသရော်ခံခဲ့ရပါတယ် ။ ”

 

” သူတို့ဟာ ကိုယ့်ဘဝ ကိုယ်ဖြတ်သန်းဖို့ ကြိုးစားနေကြတာပါ ။ အဲဒီအချိန်တုန်းက ဆိုရှယ်မီဒီယာ က အဲလောက်ကြီး အသုံးမတွင်ကျယ်သေးပါဘူး ။ ခင်ဗျား အာရုံ မနောက်ချင်ရင် ၊ ဖုန်းပိတ်ထားရုံပါပဲ ။ အခုခေတ်နဲ့တော့ အရမ်း အရမ်း ကွာခြားသွားပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR