ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အာဆင်နယ် အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ဆိုတဲ့ ဂါးလက်စ်

လန်ဒန် မြို့ခံ သုံးသင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ပြင်သစ် နောက်ခံလူ ဝီလီယံ ဂါးလက်စ် က ကမ္ဘာ့ ဖလား ပြိုင်ပွဲထံကစားသမား စေလွှတ်ရမှု နည်းပါးခြင်းဟာ အာဆင်နယ် ရဲ့ အဓိက အားသာချက် တစ်ခု ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် ဖြတ်ထား နိုင်ပါတယ် ။ အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရပ်တည် နေပေမယ့် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတာကတော့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းပါ ။

မန်စီးတီး အသင်းဟာ ဒီနှစ်မှာသာ ချန်ပီယံဆု ထပ်မံ ရယူ နိုင်ခဲ့ရင် နောက်ဆုံး ခြောက်နှစ် အတွင်း ၅ ကြိမ်မြောက် ချန်ပီယံဆု ရယူ နိုင်မှာ ဖြစ်ပါတယ် ။ ဂါးလက်စ် ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိနေတာဟာ အာဆင်နယ် အသင်း အတွက် အကျိုးရှိစေတယ်လို့ ယူဆနေပါတယ် ။

ဂါးလက်စ် က Genting Casino မှာ ” ကမ္ဘာ့ဖလား ပြိုင်ပွဲက အာဆင်နယ် အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ရာ အထောက်အကူ ဖြစ်စေပါလိမ့်မယ် ၊ အာဆင်နယ် နဲ့ မန်စီးတီး နှစ်သင်းကို နှိုင်းယှဥ် ကြည့်လိုက်ပါ ၊ အာဆင်နယ် က ကစားသမား ၁၀ ဦးပဲ ကမ္ဘာ့ဖလား ကို စေလွှတ်ထားရပါတယ် ။ ”

” အဲ့ဒီ ၁၀ ဦး ထဲမှာ လေးဦးလောက်ကပဲ ပွဲထွက် ကစားရမှာပါ ၊ မန်ချက်စတာ စီးတီး အသင်းမှာကျတော့ ကစားသမား ၁၆ ယောက် ကမ္ဘာ့ဖလား သွားရမှာပါ ။ ပထမ အသင်း ကစားသမား အားလုံး နီးပါးပါပဲ ၊ အဲ့ဒီ ၁၆ ယောက်မှာ ၉ ယောက် ၁၀ ယောက်လောက်က နိုင်ငံ အသင်းအတွက် ပွဲတိုင်း ပွဲထွက်ကစားရမှာပါ ။ ”

” ဒါကြောင့် အာဆင်နယ် အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုရဖို့ အခွင့်အရေး ပိုများတယ်လို့ ထင်ပါတယ် ။ ကမ္ဘာ့ဖလား အပြီးမှာ ကစားသမားတွေ ဘယ်လို ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ကြဘူးလေ ၊ ကစားသမားတွေက ကာတာ လို အရမ်းပူတဲ့ နေရာမှာ သွားကစားပြီး အင်္ဂလန် လို အေးခဲနေတဲ့ နေရာကို ပြန်လာ ကစားရမှာကို ထည့်တွက် သင့်ပါတယ် ။ ”

” ရာသီဥတု အပြောင်းအလဲ ကို လိုက်လံ ထိန်းညှိဖို့က ခက်ခဲ ပါလိမ့်မယ် ၊ အနားယူ အားပြန်ဖို့လည်း အချိန် မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM