နွေရာသီ စျေးကွက် အတွင်းက ချဲလ်ဆီး အသင်းရဲ့ ခေါ်ယူမှု ၃ခုကို ထုတ်နုတ် ဝေဖန်လိုက်တဲ့ ဂါးလက်စ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ချဲလ်ဆီး အသင်းဟာ ကစားသမားသစ် ခေါ်ယူမှုတွေ အတွက် ပေါင်သန်း ၂၅၀ ဝန်းကျင် စံချိန်တင် သုံးစွဲခဲ့ပေမယ့် ၊ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှုနဲ့ နောက်ပိုင်း ပွဲရလဒ်တွေနဲ့တော့ ထိုသုံးစွဲမှုတွေက တိုက်ရိုက် အချိုးကျခြင်း မရှိပါဘူး ။

ပွဲအချို့မှာ ခြေစွမ်းကောင်း အရိပ်အယောင်တွေ တွေ့ခဲ့ရတာက လွဲပြီး ၊ ချဲလ်ဆီးရဲ့ ကစားသမားသစ်တွေဟာ အခုအချိန်အထိ အပြည့်အဝ အားကိုးလို့ ရနိုင်တဲ့ ပုံစံမျိုး ပြသထားနိုင်ခြင်း မရှိပါဘူး ။ အထူးသဖြင့် တန်ကြေး မတန်တဆ ပေးပြီး ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာနဲ့ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာတို့ ဖြစ်ပါတယ် ။

လက်စတာ ကနေ ပေါင်သန်း ၇၀နီးပါးနဲ့ ခေါ်ယူထားတဲ့ ဖိုဖာနာဆိုရင် ကစားခဲ့ရတဲ့ ပွဲအနည်းငယ်မှာ ခြေစွမ်း အထူး ပေါ်လွင်ခဲ့တဲ့ပွဲ တပွဲမှ မရှိခဲ့ပဲ ၊ နောက်ဆုံး ကစားခဲ့တဲ့ အေစီမီလန်နဲ့ ပွဲမှာ ပထမဆုံးဂိုး သွင်းခဲ့ပြီးနောက် ၊ ဒဏ်ရာ ရခဲ့ကာ ၊ အသင်းကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ် ။

ဘရိုက်တန်ကနေ အပိုဆုကြေး အပါအဝင် ပေါင်သန်း ၆၀နီးပါး ပေးကာ ခေါ်ယူခဲ့ရတဲ့ ကူကူရယ်လာကတော့ ကစားသမားသစ်တွေထဲမှာ ရာဟင်း စတာလင် ပြီးရင် ချဲလ်ဆီးမှာ ပွဲအများဆုံး ကစားပေးခဲ့ပေမယ့် ၊ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ ဘန်ချေဝဲလ်ကို ကျော်လွန်နိုင်မယ့် အရိပ်အယောင်မျိုး လုံးဝ မစွမ်းဆောင်ထားနိုင်ပါဘူး ။

Deadline Day မှာ ဘာစီလိုနာကနေ ပေါင် ၁၁သန်းနဲ့ ရောက်လာတဲ့ ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းဟာလည်း အောက်တိုဘာ အစောပိုင်း ပွဲတွေမှာ ဂိုးတွေ ဆက်တိုက် သွင်းခဲ့ပြီးနောက်ပိုင်း ၊ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်လာရပါတယ် ။

ချဲလ်ဆီး ၊ အာဆင်နယ်နဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ ပိုင်ရှင်သစ်တွေရဲ့ အပြောင်းအရွှေ့ အစီအစဉ် အပေါ် မေးခွန်းထုတ်လိုက်ပြီး ၊ ကစားသမားသစ်တွေထဲက ဖိုဖာနာ ၊ ကူကူရယ်လာနဲ့ အူဘားမီးယန်းတို့ရဲ့ စွမ်းဆောင်ရည် အပေါ် ထုတ်နုတ် ဝေဖန်ခဲ့ပါတယ် ။

Genting Casino နဲ့ တွေ့ဆုံခဲ့ရာမှာ ဂါးလက်စ် က ” လက်ရှိ ချဲလ်ဆီး အသင်း ရောက်ရှိနေတဲ့ အနေအထား အပေါ် ကျွန်တော် အတော်လေး စိတ်ပျက်မိပါတယ် ။ သူတို့ဟာ နောက်ပိုင်းမှာ ဘာရလဒ်ကောင်းမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ အသင်းဟာ အပြောင်းအရွှေ့ ကာလ အတွင်းက ဆိုးရွားတဲ့ စီမံခန့်ခွဲမှုရဲ့ အကျိုးဆက်ကို ခံစားနေရတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” တူချယ် ရာထူးက အထုတ်ခံခဲ့ရတာဟာ လက်ရှိ ချဲလ်ဆီး ပိုင်ရှင်သစ်တွေမှာ နည်းစနစ် အားနည်းနေတာကို ဖော်ညွှန်းနေပါတယ် ။ သူတို့ဟာ ပြီးခဲ့တဲ့ နွေတတွင်းမှာ ငွေကြေးများစွာ ထုတ်သုံးခဲ့ပေမယ့် ၊ သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားနိုင်တဲ့ ခြေစွမ်းမျိုးတွေ မပြနိုင်ခဲ့ကြပါဘူး ။ ”

” ဝက်စ်လေ ဖိုဖာနာဆို ဒဏ်ရာ ရနေတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ အားလုံး သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းတွေကို သိထားကြပြီးသားပါ ။ မာ့ခ်ကူကူရယ်လာဆီကနေ သူတို့ ဘာတွေ ရနေလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ သူ့ကို ချဲလ်ဆီးက ပေါင်သန်း ၆၀ တောင် ပေးပြီး ခေါ်ခဲ့ပါတယ် ။ ”

” ဒါတောင် သူဟာ စပိန် လက်ရွေးစင် အဆင့် မဟုတ်ပါဘူး ။ ချဲလ်ဆီးရဲ့ ပွဲထွက် ကစားသမားလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး ။ တကယ် အံ့သြစရာပါပဲ ။ သူတို့ဟာ အူဘားမီးယန်းကိုလည်း ခေါ်ခဲ့ပါသေးတယ် ။ သူ့ကို ကြည့်ရတာ အခြေအနေ မဟန်ပါဘူး ။ ”

” အာဆင်နယ်နဲ့ ပွဲမှာ သူ ခြေစွမ်း လုံးဝ မပြနိုင်ခဲ့သလို ၊ နယူးကာဆယ်နဲ့ ပွဲမှာလည်း သူ အရန်ခုံပဲ ထိုင်ခဲ့ရပါတယ် ။ အသင်းဟာ အပြောင်းအရွှေ့ စျေးကွက် အတွင်း ဘာအစီအစဉ်မှ စနစ်တကျ မရှိခဲ့တာ သိသာနေပါတယ် ။ သူတို့ အလောတကြီး ခေါ်ယူမှုတွေ လုပ်ခဲ့ကြပါတယ် ။ ”

” သူတို့ဟာ တူချယ် အတွက် ကစားသမားသစ်တွေ ခေါ်ပေးခဲ့ပေမယ့် ၊ ခေါ်ပြီးပြီးချင်း သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ် ။ လောလောဆယ် ချဲလ်ဆီးမှာ ကြီးမားတဲ့ ရှုပ်ထွေးမှု ဖြစ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR