ဒဏ်ရာပြဿနာရှိသူများ ၊ ကမ္ဘာ့ဖလားအကြိုပြင်ဆင်မှုတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် ကို ၂ ရက်ဆက်တိုက် မပါဝင်တာကြောင့် အီရန် နဲ ကစားမယ့် ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် ကို လွဲချော်မယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

အင်္ဂလန် ရဲ့ Team video တွေမှာ မက်ဒီဆင် ဟာ အသင်းဖော်တွေ နဲ့ ပုံမှန်အတိုင်း သွားလာပြောဆို စားသောက်နေပေမယ့် လေ့ကျင့်ခန်း အစီအစဉ်မှာ မမြင်တွေ့ရတာက လက်စတာ ကွင်းလယ်လူ ဒဏ်ရာ ရရှိ နေသလားဆိုတဲ့ သံသယတွေ ဖြစ်လာစေခဲ့ ပါတယ် ။

အင်္ဂလန် ဟာ ၂၀၁၈ ကမ္ဘာ့ဖလား နဲ့ ယူရို ၂၀၂၀ တို့မှာ အသုံးပြု ခဲ့တဲ့ လေမှုတ် မြင်းရုပ် ( Unicorn ) တွေကို ကာတာ အထိ သယ်ဆောင်လာခဲ့တယ်လို့လည်း သိရပါတယ် ။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာလည်း မနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်ခဲ့ ပါဘူး ။ ဒါပေမယ့် အာဂျင်ဘက်ကတော့ မက်ဆီ မှာ ဒဏ်ရာ ရရှိ မနေကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဟာ သူတို့ရဲ့ လူငယ် ကြယ်ပွင့်လေး အယ်လီဂျန်ဒရို ဂါနာချို ကို ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ ခေါ်ဆောင်ပေးဖို့ အာဂျင်တီးနား နည်းပြ စကာလိုနီ ကို တောင်းဆို ခဲ့ကြတယ်လို့ သိရ ပါတယ် ။

အာဂျင်တီးနား ဟာ ဟွာကွင်း ကော်ရီယာ နဲ့ နီကိုလပ်စ် ဂွန်ဇာလက် တို့ကို ဒဏ်ရာကြောင့် လူစားလဲ ခဲ့ရသလို နောက်ထပ် ၂ ယောက်လောက် ထပ်မံ လဲလှယ်ရနိုင်တာကြောင့် ဂါနာချို ကို အခွင့်အရေး ရရှိ စေလိုကြတာ ဖြစ်တယ်လို့ သိရပါတယ် ။

ဂါနာချို ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ နိုဝင်ဘာလ အတွက် တလတာအကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ် ။

စပိန် လက်ရွေးစင် အသင်းကတော့ ဟိုဆေး ဂါယာ ဒဏ်ရာ ရရှိ သွားတဲ့ အတွက် ဘာစီလိုနာ နောက်ခံလူ အဲလီဂျန်ဒရို ဘယ်လ်ဒီ ကို အစားထိုး ခေါ်ယူ သွားခဲ့ ပါတယ် ။

ဒါကြောင့် ဘာစီလိုနာ ဟာ ကာတာ ကမ္ဘာ့ဖလား ကို ကစားသမား ၁၇ ယောက် အထိ စေလွှတ် ခဲ့ရပြီး ကမ္ဘာ့ဖလား သမိုင်းမှာ ကလပ် တသင်းတည်းက အရေအတွက် အများဆုံး စေလွှတ်ရမှု အဖြစ် စံချိန်သစ် ရရှိ သွားခဲ့ ပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ အဲဗာတန် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ မွိုက်စ်ကင်း ကို အပြီးသတ် ဝယ်ယူဖို့ စတင် စီစဉ် နေတယ်လို့ သိရပါတယ် ။

နယ်သာလန် ထိပ်သီး အိုင်ယက်စ် အသင်းရဲ့ CEO ဗန်ဒါဆား က မန်ချက်စတာ ယူနိုက်တက် ဒါရိုက်တာ ရာထူး အတွက် ရေပန်းစားနေမှုကို ငြင်းဆို ခဲ့ပြီး သူဟာ အိုင်ယက်စ် နဲ့ မကြာသေးခင်ကမှ ၃ နှစ် သက်တမ်း တိုးထားသူ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရိုးမား အသင်းမှာ ကစားနေတဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ခရစ် စမောလင်း ရဲ့ အေးဂျင့် ကတော့ ရိုးမား ဟာ စမောလင်း နဲ့ စာချုပ်ဆက်တိုးဖို့ အစီအစဉ် ရှိပုံ မရကြောင်း ၊ စမောလင်း ရဲ့ လက်ရှိ စာချုပ်ဟာ အခု ရာသီ အကုန်မှာ ပြီးဆုံး မှာ ဖြစ်ပြီး အသင်းသစ် ရှာဖွေဖို့ ဇန်နဝါရီမှာ စတင်မှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဘရာဇီး ဘောလုံးအကျော်အမော် ရီကာဒို ကာကာ ၊ ဂိုးသမားဟောင်းကြိး ဂျူလီယို ဆီဇာ နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အီမီလ် ဟက်စကီး တို့ ဟာ မန်ချက်စတာ ကို လာရောက်ပြီး UEFA က ဖွင့်လှစ် ထားတဲ့ သင်တန်းကျောင်းမှာ Masters for International Players ဘွဲ့တွေကို တက်ရောက် ရယူခဲ့တယ်လို့ ကြားသိရ ပါတယ် ။

အာဆင်နယ် ၊ မန်စီးတီး နဲ့ လီဗာပူး နောက်ခံလူဟောင်း ကိုလို တိုရေး ဟာ ချန်ပီယံရှစ် ကလပ် ဝီဂန် အသင်း ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခံရတော့မယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

မနေ့ညက ကစားတဲ့ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံ ဟာ အီဂျစ် အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်သွား ခဲ့ပါတယ်။

 

SPORTS MYANMAR