ဂါရက်ဆောက်ဂိတ်ရဲ့ တရားမျှတမှု မရှိတဲ့ လူရွေးချယ်မှုတစ်ခုကို အပြင်းအထန် ဝေဖန်လိုက်တဲ့ ဂါးလက်စ်

ဝီလီယံဂါးလက်စ်က ဟယ်ရီမက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက်မှာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး ၎င်းကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခဲ့မှုကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ဒီရာသီ အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးလျက် ရှိနေပေမယ့်လည်း အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အပြးသတ် လူစာရင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို ရထားသူ ဖြစ်ပြီး လာမည့် တနင်္လာနေ့ အီရန်နဲ့ အဖွင့်ပွဲစဉ်မှာ ဝင်ကစားသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် နဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ဂါးလက်စ်ကမက်ဂွိုင်းယားကို ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရွေးချယ်ခဲ့မှု အပေါ် ဝေဖန်သွားခဲ့ပြီး ၎င်းအစား အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ တိုမိုရီ ကသာ ကာတာကို လိုက်ပါခွင့် ရသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ဂါးလက်စ်က “မန်ချက်စတာယူနိုက်တက်ဟာ သူ့ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ လုံလောက်တဲ့ အရည်အသွေးက မရှိပါဘူး။ သူကစားတဲ့အခါတိုင်း လူတိုင်းက သူ့ကို လှောက်ရယ်နေကြပါတယ်။ သူ့ကို ဂါရက်ဆောက်ဂိတ်က ဘာ့ကြောင့်များ ရွေးချယ်ခဲ့တာလဲ? အကယ်၍ သူ အင်္ဂလန် လူစာရင်းမှာ ပါတယ် ဆိုရင်လည်း ကလပ်မှာ ဒီရွေးချယ်မှုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသသွားရမှာ ဖြစ်ပါတယ်။

ကစားသမား‌ ရွေးချယ်မှုကို သူတို့ရဲ့ performance နဲ့ပဲ အကဲဖြတ်သွားသင့်ပါတယ်။ မက်ဂွိုင်းယားဟာ သူကစားခွင့် ရတဲ့ အချိန်တိုင်း ကစားပုံက ညံ့ဖျင်းပါတယ်။ သူ့ရဲ့ ကစားပုံက ကောင်းမွန်ခြင်း မရှိဘဲနဲ့ ဆောင်ဂိတ်ဟာ သူ့ကို ကမ္ဘာ့ဖလားလို ကြီးကြယ်တဲ့ ပြိုင်ပွဲကြီး အတွက် ဘာ့ကြောင့် ရွေးချယ်ခဲ့တာလဲ? ကျွန်တော်ကတော့ မန်နေဂျာဟာ သူ့ကို favor ပေးခဲ့တယ်လို့ ထင်ပါတယ်။ ဒါဟာ ဖီကာယိုတိုမိုရီလို ကစားသမားတွေ အတွက် မတရားပါဘူး။

မက်ဂွိုင်းယားနဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့ ဝေဖန်မှုက ပြင်းထန်ကောင်း ပြင်းထန်နိုင်ပါတယ်။ ဒါပေမယ့် လူတော်တော်များများ ကလည်း ဒီလိုမျိုးပဲ တွေးနေကြမယ်ဆိုတာ သေချာပါတယ်။ ဒါဟာ တိုမိုရီ အတွက် မျှတမှု မရှိပါဘူး။ နိုင်ငံအတွက် ရွေးချယ်ခံရတယ်ဆိုတာ ကိုယ့်ရဲ့ performance က ကောင်းနေဖို့ လိုပါတယ်။ ဒါ့အပြင် သူသာ ပုံမှန် ကစားခွင့်ပါ ပျောက်ဆုံးနေပါတယ်။ ဆောက်ဂိတ် အနေနဲ့ သူ့ကို မခေါ်ယူသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဂါးလက်စ်က “ဒီလူစာရင်းမှာ တိုမိုရီ မပါဝင်ခဲ့တဲ့ အပေါ် ကျွန်တော် အံ့အားသင့်မိပါတယ်။ ဒါဟာ လုံးဝအဓိပ္ပာယ် မရှိပါဘူး။ သူ့ကို ကမ္ဘာ့ဖလား အတွက် ဘာ့ကြောင့် မရွေးချယ်ခဲ့တာလဲဆိုတာ တစ်ယောက်ယောက်က ကျွန်တော့်ကို လာရှင်းပြပေးပါဦး။ သူဟာ အေစီမီလန်ရဲ့ ပွဲထွက် XI မှာ ကစားနေရသူပါ။ သူဟာ အဲဒီမှာ အပတ်တိုင်း ကစားနေရပါတယ်။ မက်ဂွိုင်းယားကတော့ မကစားရတာ ကြာနေပါပြီ။ ဒီရွေးချယ်မှုဟာ အဓိပ္ပာယ် မရှိပါဘူး။

မက်ဂွိုင်းယားဟာ ကစားပုံ မကောင်းတဲ့အပြင် ပုံမှန်ကစားခွင့်လည်း မရပေမယ့် သူ့ကို ကျော်ပြီး ရွေးသွားခဲ့တဲ့ အ‌ပေါ် တိုမိုရီဘက်က စိတ်ပျက်နေမှာပါ။ သူဟာ အသင်းလေးအတွက် ကစားနေသူလည်း မဟုတ်ပါဘူး။ တိုမိုရီဟာ ထိပ်တန်းအဆင့်မှာ မီလန်နဲ့အတူ အကောင်းဆုံး ကစားနေတာပါ။ ဒါကိုတောင်မှ ဆောက်ဂိတ်က မခေါ်ယူခဲ့ပါဘူး။ တိုမိုရီ အနေနဲ့ ဒီအချိန်မှာ စိတ်ဓာတ်ကျနေလောက်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM