ချဲလ်ဆီးစတား နှစ်ဦးကို ခေါ်ယူသွားရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ဖရီဒယ်

ပရီးမီးယားလိဂ် ဂိုးသမားဟောင်း ဖြစ်သူ ဘရက်ဖရီဒယ်က လီဗာပူး အနေနဲ့ မေဆင်မောင့် နဲ့ အခြား ချဲလ်ဆီး ကြယ်ပွင့်တစ်ဦးကို ခေါ်ယူသွားရန် တိုက်တွန်းလိုက်ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ချဲလ်ဆီးနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးတာ အဆင်မပြေ ဖြစ်နေတဲ့ မေဆင်မောင့်ကို စိတ်ဝင်စားမှု ပြသနေပြီး အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားထားခဲ့ကာ သောမတ်တူချယ်ရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် စူပါဖလား ကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မောင့်ဟာ ချဲလ်ဆီးမှာ ၂၀၂၄ ခုနှစ်ထိ သက်တမ်းရှိတဲ့ စာချုပ် ရှိနေသူ ဖြစ်ပြီး ၎င်းရဲ့ အခြေအနေကို လီဗာပူး ယူဗင်တပ် တို့က အနီးကပ် စောင့်ကြည့်နေပါတယ်။ လီဗာပူး နဲ့ ဘလက်ဘန်း ဂိုးသမားဟောင်း ဖရီဒယ်က မောင့်ဟာ တကယ့်ကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး လီဗာပူးအတွက် အရမ်းကို ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဖရီဒယ်က “မောင့်ဟာ တအားကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မောင့်ဟာ ရာသီကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့မှာ ဖြစ်တာကြောင့် ဒီ အပြောင်းအရွေ့ဟာ ယာဂန်ကလော့ အတွက် စဉ်းစားနေစရာတောင် မလိုတဲ့ဟာပါ။ လီဗာပူး အတွက်ကော ချဲလ်ဆီး အတွက်ပါ ဘဏ္ဍာရေးပိုင်း အရ အိုကေနိုင်ပါတယ်။ ကစားသမား ကလည်း အသင်း ပြောင်းချင်နေပုံရပြီး ကလော့က သူ့ကို အလို ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ အမှန်တကယ် ဖြစ်နိုင်ပါတယ်။

မေဆင်မောင့်လို အရမ်းကောင်းတဲ့ ကစားသမားတွေရဲ့ အပြောင်းအရွေ့မှာ အားလုံး သဘောတူညီမှုရမှ အလုပ် ဖြစ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူဟာ ကစားသမားကောင်း တစ်ဦးဆိုတာ ရှင်းလင်းတဲ့ အပြင် လီဗာပူး အတွက်လည်း အရမ်းကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။”

ဆက်လက်ပြီး အမေရိကန် လက်ရွေးစင် ဂိုးသမားဟောင်းက ယာဂန်ကလော့ အနေနဲ့ မောင့်ရဲ့ အသင်းဖော် ဖြစ်တဲ့ အန်ဂိုလိုကန်တီ ကိုလည်း free transfer နဲ့ ခေါ်ယူဖို့ ကြိုးစားသွားရန် တိုက်တွန်းလိုက်ပါသေးတယ်။ ကန်တီဟာ ရာသီကုန်မှာ ချဲလ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဖရီဒယ်က ပြင်သစ်စတားဟာ ဂျူ့ဘယ်လင်ဟမ် ၊ ဖရန်ကီဒီဂျောင်း တို့လို ငွေကြေးများစွာ ကုန်ကျနိုင်တဲ့ သူတွေထက် ပိုမိုကောင်းမွန်တဲ့ option ဖြစ်နိုင်တယ်လို့ ဆိုသွားပါတယ်။

ဖရီဒယ်က “ဘယ်လင်ဟမ် ၊ ဒီဂျောင်း တို့လို ကစားသမားတွေကို လီဗာပူးတို့ စိတ်ဝင်စားနေတယ် ဆိုတာ ကျ‌နော် သိပါတယ်။ ဒါပေမယ့် အန်ဂိုလိုကန်တီလို ကစားသမားမျိုးကို free transfer နဲ့ ခေါ်ယူနိုင်မယ်ဆိုရင် ဒါဟာ တကယ်ကောင်းတဲ့ business ဖြစ်ကာ သူဟာ ပွဲထွက်စာရင်းမှာ ချက်ချင်း ဝင်ကစားနိုင်မှာပါ။ ကန်တီဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်ကာ နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြသနာတွေ ရှိနေခဲ့ပေမယ့် သူဟာ တကယ် တော်တဲ့ ကစားသမား ဖြစ်ပါတယ်။

ကလော့ဟာ ကျနော့်ထက် ပိုသိပါတယ်။ ဒါပေမယ့် ကန်တီကို စိတ်ဝင်စားမယ့် ကလပ်တွေ အများကြီး ရှိလာမှာပါ။ သူဟာ လီဗာပူး အပါအဝင် ဘယ်ကလပ်မဆို အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။ ဘယ်လင်ဟမ် ကတော့ အရမ်းကို တောက်ပတဲ့ အနာဂတ် ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အပြောင်းအရွေ့ဟာ ငွေကြေးပိုင်းက တအား စကားပြောမှာပါ။ ကျနော် သူ့ကို ကမ္ဘာ့ဖလားမှာ စောင်ကြည့်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။”

SM