အီရန်နဲ့ အဖွင့်ပွဲစဉ်မှာ ပွဲထွက် XI ကနေ ဆောက်ဂိတ် ချန်လှပ်ပစ်သင့်တဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ဂျိုကိုး

ချဲလ်ဆီး တောင်ပံ ကစားသမားဟောင်း ဂျိုကိုးက နည်းပြ ဂါရက်ဆောက်ဂိတ် အနေနဲ့ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ပုံစံကောင်း ရနေတဲ့ အာဆင်နယ် စတား ၂ ဦးကို ပွဲထွက်စာရင်းမှာ ရွေးချယ်သွားရန် တိ်ုက်တွန်းလိုက်ပါတယ်။ အင်္ဂလန်ဟာ တနင်္လာနေ့မှာ သူတို့ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အဖြစ် အီရန်နဲ့ စတင် ကစားသွားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ် နဲ့ ယူရို ၂၀၂၀ မှာ ဒုတိယ နေရာ ရရှိခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အဆိုပါ ရလဒ်တွေထက် ပိုမိုကောင်းမွန်အောင် လုပ်ပြဖို့ အတွက် ရည်မှန်းနေပါတယ်။ အင်္ဂလန် မန်နေဂျာဟာ ကမ္ဘာ့ဖလား အတွက် အပြီးသတ် ကစားသမား ၂၆ ဦး လူစာရင်းကို ပြီးခဲ့တဲ့ အပတ်က ကြေငြာထားခဲ့ပြီး အီရန်နဲ့ အဖွင့်ပွဲစဉ်မှာ ဘယ်ကစားသမားတွေ ပွဲထွက် ၁၁ မှာ ပါ၀င်နိုင်မလဲ ဆိုတာ စိတ်၀င်စားစရာ ဖြစ်ပါတယ်။

အင်္ဂလန် ကွင်းလယ်လူဟောင်း ဂျိုကိုး ကတော့ ဆောက်ဂိတ် အနေနဲ့ ပွဲထွက် ၁၁ ကို ရွေးချယ်တဲ့ နေရာမှာ reputation ရှိထားတဲ့ ကစားသမားတွေ ထက်စာရင် ပုံစံကောင်း ရနေတဲ့သူတွေကိုသာ ရွေးချယ်သွားရန် တိုက်တွန်းလိုက်ပြီး မက်ဂွိုင်းယား နဲ့ စတားလင်း တို့ နေရာမှာ ဘန်ဝိုက် နဲ့ ဆာကာ တို့ကို ရွေးချယ်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ စတားလင်းဟာ ဂါရက်ဆောက်ဂိတ်ရဲ့ ယုံကြည်မှုကို အပြည့်အ၀ ရထားတဲ့ ကစားသမား ဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်းမှာ အင်္ဂလန်ရဲ့ ပွဲစဉ် ၈ ပွဲမှာ ၅ ပွဲ ပွဲထွက်ခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် စတားလင်းဟာ ဒီရာသီမှာ ပုံစံကောင်း ပျောက်ဆုံးလျက် ရှိနေပြီး ချဲလ်ဆီး အတွက် ၅ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။ မက်ဂွိုင်းယား ကလည်း အင်္ဂလန်မှာ အကောင်းဆုံး လုပ်ပြထားသူ ဖြစ်ပေမယ့် ဒီရာသီ မန်ယူနိုက်တက်မှာ အရန်ခုံ ရောက်နေခဲ့သူ ဖြစ်တာကြောင့် ၎င်းကို ရွေးချယ်ခဲ့မှု အတွက် ဝေဖန်မှုတွေ ရထားပါတယ်။

ဂျိုကိုးလ်က “ကျွန်တော် စတားလင်းကို တအား နှစ်သက်ပေမယ့် သူဟာ ဒီအချိန် ပုံစံကောင်း ရနေသူ မဟုတ်ပါဘူး။ ဆာကာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အသင်း အတွက် အဓိက နေရာကနေ ပါ၀င်ကစားနေသူပါ။ ပြိုင်ပွဲ အရှိန်ရလာတာနဲ့ ပွဲထွက်စာရင်းက အပြောင်းအလဲတွေ ဖြစ်လာမှာပါ။ ကစားသမား ၅ ဦး အပြောင်းအလဲ လုပ်နိုင်တာကြောင့် တစ်ပွဲမှာ ကစားသမား ၁၆ ဦး ပါ၀င် ကစားခွင့် ရှိနေကာ ကစားသမား အများအပြားဟာ အခွင့်အရေး ရလာမှာ ဖြစ်ပါတယ်။

ဂိုးသမား နေရာမှာ ကျွန်တော် ဂျော်ဒန်ပစ်ဖို့ဒ်ကို ရွေးချယ်ပါမယ်။ ဗဟိုနောက်ခံလူ နေရာမှာတော့ ဂျွန်စတုန်းနဲ့ ဘန်ဝိုက် တို့ကို အုပ်စု ပွဲစဉ်တွေ အတွက် အရင် အသုံးပြုကြည့်ပါမယ်။ ညာနောက်ခံလူ နေရာမှာ ထရစ်ပီးယား နဲ့ ဘယ်နောက်ခံလူ နေရာမှာ လူ့ရှောကို ရွေးပါတယ်။ အဲဒီနောက် ကွင်းလယ်ပိုင်းမှာ ဒန်ကလန်ရိုက်စ် ၊ ဘယ်လင်ဟမ် နဲ့ မောင့် တို့ကို ထားကစားမှာ ဖြစ်ကာ ရိုက်စ်ကို ကွင်းလယ်ခံစစ်မှာ ကစားစေပြီး ကျန်နှစ်ဦးကို တိုက်စစ်ပိုင်းကို လိ်ုက်ပါ ကစားစေမှာပါ။

အထောင်တိုက်စစ်မှာတော့ သိတဲ့အတိုင်းပဲ ဟယ်ရီကိန်းကို အသုံးပြုရမှာပါ။ အဲဒီနောက် ဘယ်တောင်ပံ ညာတောင်ပံတွေမှာ ဖိုဒန် နဲ့ ဆာကာ တို့ကို ထားသွားပါမယ်။ ပစ်ဖို့ဒ် စတုန်း ရိုက်စ် နဲ့ ကိန်း တို့ဟာ ပုံမှန် ကစားခွင့် ရမယ့် သူတွေပါ။ ပွဲပြတ်သွားတဲ့ အချိန်မှာ ကိန်းကို လူစားလဲနိုင်ပါတယ်။ ဒါဟာ အခြား တိုက်စစ်မှုးတွေ အတွက်တော့ ပြသနာပါ။ ဘာလို့လဲဆိုတော့ ကိုယ်ဟာ အရန်လူ အနေနဲ့ပဲ ကစားရမယ် ဆိုတာ သိနေပြီး ဖြစ်လို့ပါ။ ကျန်တဲ့ နေရာတွေ ကတော့ အခွင့်အရေး ရှိပါတယ်။ ဆောက်ဂိတ်ကို လူတွေ ဝေဖန်နေကြပေမယ့် သူဟာ အက်ဖ်ရမ်ဆေး ပြီးနောက် အအောင်မြင်ဆုံး အင်္ဂလန် မန်နေဂျာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို ၀န်းရံကြတာပေါ့ဗျာ။” လို့ ဆိုလိုက်ပါတယ်။

Sm