ရော်နယ်ဒိုကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားနိုင်တဲ့ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် တသင်းကို ခန့်မှန်းလိုက်တဲ့ ဂါးလက်စ်

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဘောလုံး လောကမှာ အဟော့ဆုံး ဖြစ်ခဲ့တဲ့ သတင်းကတော့ မန်ချက်စတာ ယူနိုက်တက် စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုနဲ့ အာဆင်နယ် ကစားသမားဟောင်း ပီယာ့စ် မော်ဂန်နဲ့ တွေ့ဆုံ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးပဲ ဖြစ်ပါတယ် ။

ထိုအင်တာဗျူးမှာ ရော်နယ်ဒိုဟာ ယခုနှစ် ရာသီ နည်းပြသစ် အဲရစ် တမ်ဟဂ် လက်အောက် မန်ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ အကြောင်း မှန်သမျှကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် ၊ ကလပ် တရားဝင် ဝက်ဘ်ဆိုက်ကပင် statement ထုတ်ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။

ဒီ အင်တာဗျူးကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ်ဟာ မန်ချက်စတာမှာ ဆက်မရှိဖို့ သေချာသလောက် ဖြစ်နေပြီး ၊ ကမ္ဘာ့ဖလား အပြီး ဇန်နဝါရီ စျေးကွက် အတွင်း ယင်းပေါ်တူဂီသား ဘယ်အသင်းကို ခြေလှမ်းမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်ဇ်ဟာ ချန်ပီယံလိဂ် ကစားခွင့် မရထားတဲ့ မန်ယူနိုက်တက်ကနေ ချန်ပီယံလိဂ် ကစားခွင့် ရတဲ့ အခြား ဥရောပ ကလပ်တွေထံ ၄င်းရဲ့ ကစားသမားကို ကမ်းလှမ်းခဲ့ပေမယ့် ၊ အကြောင်း အမျိုးမျိုးကြောင့် ဘယ်အသင်းကမှ ၄င်းကို လက်ခံ ခေါ်ယူခဲ့ခြင်း မရှိပါဘူး ။

ရော်နယ်ဒိုနဲ့ အစောဆုံး အသံထွက်ခဲ့တဲ့ အသင်းက ချဲလ်ဆီး ဖြစ်ပြီး ၊ ပရိသတ် အချစ်တော် နည်းပြဟောင်း သောမတ်စ် တူချယ် ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ အထဲမှာ ရော်နယ်ဒိုက အကြောင်းအရင်း တရပ် အနေနဲ့ ပါဝင်ခဲ့ပါတယ် ။ ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ စီးပွားတွက် အဖြစ်နဲ့ ရော်နယ်ဒိုကို ခေါ်ဖို့ ခုချိန်ထိ အာရုံရှိနေနိုင်ဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး ၊ အာဆင်နယ်နဲ့ တော့တင်ဟမ် ခံစစ်မှူးဟောင်း ဝီလီယမ် ဂါးလက်စ်က လာမယ့် ဇန်နဝါရီမှာ ရော်နယ်ဒိုကို ချဲလ်ဆီးမှာ မြင်ရနိုင်ကြောင်း ခန့်မှန်းရင်း ၊ ရော်နယ်ဒိုကို တမ်ဟဂ် မထီမဲ့မြင်လုပ်ရာကျခဲ့တဲ့ အခိုက်အတန့်က ဘာလဲ ဆိုတာလည်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

Genting Casino နဲ့ တွေ့ဆုံခဲ့ရာမှာ ဂါးလက်စ် က ” ကမ္ဘာ့ဖလား ပြီးတာနဲ့ ခရစ်တီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ချဲလ်ဆီးကို သူ ပြောင်းသွားခဲ့ရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး ။ သူဟာ ပွင့်ပွင့်လင်းလင်းပဲ စိတ်ထဲရှိတာတွေ အားလုံး လောလောလတ်လတ် အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ ။ ”

” ဒီနှစ် ဘောလုံးရာသီ သူ မန်ချက်စတာ ယူနိုက်တက်မှာ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး လူတိုင်းက အနည်းငယ် အံ့သြနေကြပါတယ် ။ ဘာကြောင့် ဒါတွေ ဖြစ်နေရတယ် ၊ သူ့ရဲ့ အခန်းကဏ္ဍက ဘာလဲ ၊ အသင်းမှာ သူက ဘယ်လောက် အရေးပါတယ် ဆိုတာ သူနဲ့ မန်နေဂျာ ဖြစ်သူပဲ သိကြမှာပါ ။ ”

” ရော်နယ်ဒိုလို ကစားသမားမျိုးရဲ့ နေရာက ကြည့်တဲ့အခါ ၊ အဲရစ် တမ်ဟဂ်က သူ့ကို အရန်ခုံမှာပဲ ပို့ထားတာနဲ့ ပတ်သက်ပြီး နားလည်ရခက်ပါတယ် ။ ဒါပေမယ့် အဲဒီ အထိ သူ လက်ခံခဲ့ပါတယ် ။ ဒါပေမယ့် ပွဲပြီးခါနီး ၂မိနစ် ၊ ၃မိနစ် အလိုမှ ထည့်သုံးတာက ရော်နယ်ဒိုကို မထီမဲ့မြင် လုပ်ရာ ကျသွားပါပြီ ။ ”

” ဒါမျိုးက လူငယ် ကစားသမားတွေကိုမှ အခွင့်အရေး ပေးရတဲ့ ပုံစံမျိုးပါ ။ တမ်ဟဂ်ဟာ ရော်နယ်ဒို ကစားသမား ဘဝ တလျှောက် လုပ်ပြခဲ့တဲ့ အရာ အားလုံးနဲ့ ပတ်သက်ပြီး လေးစားမှု ပြသရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR