ရိုနယ်ဒို ပြောပြတဲ့ ဘောလုံးရေစီးကြောင်း ၊ တန်ဟတ် နဲ့ စပါးပွဲကဖြစ်ရပ်

ခရစ္စတီယာနို ရိုနယ်ဒို ဟာ နာမည်ကြီး ရုပ်သံတင်ဆက်သူ ၊ အာဆင်နယ် နဲ့ သူ့ရဲ့ အမာခံ ပရိသတ် တယောက် ဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးရှည်တခု ပြုလုပ် ခဲ့ပါတယ် ။ မိနစ် ၉၀ ကြာမြင့်တဲ့ ဒီ အင်တာဗျူး ကို ပီယာ့စ် မော်ဂန် က ၂ ပိုင်းစီ ခွဲကာ ထုတ်လွှင့်သွားခဲ့ ပါတယ် ။

အဲ့ဒိအထဲကမှ ရိုနယ်ဒို ပြောပြသွားတဲ့ ဘောလုံးရဲ့ ပြောင်းလဲလာတဲ့ အနေအထားတွေ ၊ လက်ရှိ နည်းပြ အဲရစ်တန်ဟတ် နဲ့ စပါး ပွဲက ဖြစ်ရပ် အကြောင်းတွေကို ထုတ်နှုတ် ဖော်ပြပေးလိုက်ရ ပါတယ် ။

ပီယာ့စ် – ဘယ်အရာက ခင်ဗျား ကို တွန်းအားဖြစ်စေလဲ ၊ ငွေလား အောင်မြင်မှုလား

ရိုနယ်ဒို – “သေချာပေါက် အောင်မြင်မှုပေါ့ ၊ ရလဒ်တွေ စံချိန် မှတ်တမ်းတွေ ပါပဲ ။ ဒါပေမယ့် ပီယာ့စ် ရေ ၊ အရိုးသားဆုံး ပြောရရင် လွန်ခဲ့တဲ့ နှစ် နည်းနည်းလောက်က စပြီး ဘောလုံးမှာ ပြောင်းလဲ လာတာတွေ ရှိတယ် ။ အခု ဘောလုံးက စီးပွားရေး တခုလို့ ငါမြင်နေပြီ ။

‘ငါနားမလည်နိုင်ဘူး ၊ မင်းကို စားစရာတခုလို သူတို့ ဆက်ဆံနေကြတာပဲ’ လို့ တခါတလေ ဂျော်ဂီနာ ( ရိုနယ်ဒို ဇနီး ) ပြောတိုင်း ‘မင်းမှန်တယ်’ လို့ ငါ ပြန်ပြောနေကျပါ ။ ဒီနေ့ခေတ် ဘောလုံးနဲ့ ပတ်သက်ပြီး ငါ စိတ်ပျက် ရတာတွေ အများကြီး ရှိတယ်”

“ဘောလုံးအပေါ်ထားတဲ့ စိတ် ၊ တချို့တွေ မှာ ဒါတွေ ရှိနေတုန်းပါပဲ ။ ဒါပေမယ့် စီးပွားရေး ဆန်တာတွေ ကိုပါ တပြိုင်တည်းလို တွေ့လိုက်ရတယ် ။ အံ့သြရတဲ့ အခိုက်အတန့်တွေပါပဲ ။ အခု ဒါက ဘောလုံးရဲ့ တစိတ်တပိုင်းတောင် ဖြစ်နေပါပြီ ၊ အားလုံးက စီးပွားရေးဆန် နေကြပြီလေ”

ပီယာ့စ် – ဗယ်လက်ကာနို ၊ စပါး နဲ့ ပွဲတွေတုန်းက စောပြန်သွားတာတွေ ပြောပါဦး

ရိုနယ်ဒို – “ပီယာ့စ် ရေ ၊ မင်းကို ရိုးရိုးသားသားပဲ ပြောမယ်နော် ။ စပါး နဲ့ ပွဲတုန်းက ကိစ္စ ( ကွင်းထဲကနေ စောထွက်သွားတာ ) နဲ့ ပတ်သက်ပြီး ငါ နောင်တရမိတယ် ၊ ဒါမှ မဟုတ်မရမိဘူးလား ဆိုတာ ပြောပြဖို့ နည်းနည်း ခက်ပါတယ် ။ နောင်တရတယ်ပဲ ဆိုပါစို့ ။ ဒါပေမယ့် ငါ့ကို နည်းပြက ရန်စတယ်လို့လည်း ခံစားမိခဲ့တယ် ။ ငါက ပွဲပြီးဖို့ ၃ မိနစ်လောက်ပဲ လိုတော့မှ ကွင်းထဲဝင် ဆိုရင် ဝင်မယ့် ကစားသမားမျိုး မဟုတ်ဘူး ။ ငါ အသင်း ကို ဘယ်လောက် ပေးဆပ်နိုင်လဲ ၊ ဘယ်လောက် ပေးဆပ်သလဲဆိုတာ ငါ အသိဆုံးပါ”

“ဗယ်လက်ကာနို နဲ့ တုန်းက ငါ နဲ့ တခြား ၈ ယောက် အတူတူ ပြန်ကြတာ ၊ ဒါပေမယ့် ငါ့နာမည်ပဲ ထွက်တယ် ။ လူတိုင်းပါပဲ ။ မနှစ်တုန်းက လည်း ဒီလိုပဲ ( ကွင်းထဲက စောပြန်သူတွေ ) အများကြီး ရှိပါတယ် ။

အဲ့နေ့က ကစားသမား ၈ ယောက် ထပြန်တယ် ၊ ဒါပေမယ့် လက်ညှိုးတွေ ကတော့ သိုးမည်း တကောင်တည်းဆီပဲ ၊ ငါ့ဆီကိုပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ငါ နားလည်ပါ ၊ နည်းပြကို ပြန်တောင်းပန်ခဲ့တယ် ။ ကိစ္စလည်း ပြီးသွားခဲ့တယ်လေ”

ပီယာ့စ် – အဲရစ်တန်ဟတ် နဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲ

ရိုနယ်ဒို – “ရာသီကြိုမှာ ငါ ဝင်မကစားလို့ ငါ အခွင့်အရေးတွေ စောင့်သင့်တယ်ဆိုတာ လက်ခံပါတယ် ။ နားလည်း လည်တယ် ။ ဒါပေမယ့် ငါ ပြောချင်တာတော့ ရှိတယ်ကွ ။ လူတိုင်း ကိုတော့ သူ ဒီလို ဆက်ဆံတာ မဟုတ်ဘူး ၊ တချို့ ကစားသမားတွေ ၊ နာမည်တော့ ငါ ထုတ်မပြောချင်ပါဘူး ၊ သူတို့တွေ ကတော့ ( မျက်နှာသာပေးခံရသည် ဟု ဆိုလိုပုံရသည် ) မတူခဲ့ဘူး”

“နောက်တခုက ဘာလဲဆိုတော့ ချဲ့ကားကြတာပါပဲ ။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အလုပ်က တကယ် မလွယ်ပါဘူး ။ အသင်းက ၅ နှစ်လောက် ပျက်ဆီး နေတာပါ ။ အသင်းကို အစအဆုံးပြင်ဖို့ ဆိုရင် ရှင်းထုတ်စရာတွေ ရှိပါတယ် ။ ဒီအခြေအနေမှာ သတင်းသမားတွေ မေးတာမြန်းတာတွေက လိုတာထက် ပိုချဲ့ကား ထားတာတွေ ရှိပါတယ် ။ သူတို့ ( သတင်းသမား နဲ့ တန်ဟတ် ) အကြားမှာ ဆက်သွယ်တာတွေ နည်းနည်း ကွဲလွဲတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

“ရာသီ အစ ပြင်ဆင်မှုမှာ ငါ မလိုက်လာလို့ ငါ မကစားရဘုူး ၊ ဟုတ်တယ် ငါလက်ခံတယ် ။ ဒါပေမယ့် နောက်ပိုင်း ကျတော့ တဖြည်းဖြည်း နဲ့ အခြေအနေတွေ ကို ငါ သဘောပေါက်လာတယ် ၊ အပြင်လူတွေ ကတော့ သိမှာ မဟုတ်ပါဘူး ။ ငါကတော့ ငါ့စိတ်ထဲက ခံစားချက်ကို မြိုသိပ်ထားတဲ့ သူမျိုး မဟုတ်ပါဘူး ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်”

“ငါ့ကို ဆက်ဆံနေတဲ့ ပုံစံ ၊ ငါနဲ့ မထိုက်တန်ဘဲ ရနေတဲ့ ပုံစံ အပေါ် ငါလည်း ပြန်မလေးစားနိုင်ဘူးလေ ။ စပါး နဲ့ ပွဲက ကိစ္စ က ဒါတွေကြောင့်လည်း ပါချင် ပါနိုင်တာပေါ့”

ပီယာ့စ် – မန်စီးတီး ကို ၆-၃ နဲ့ ရှုံးတဲ့ပွဲမှာ ခင်ဗျားကို လေးစားလို့ လူစားမလဲထည့်တာဆိုတာကရော

ရိုနယ်ဒို – “ဆင်ခြေပါ ၊ ငါကတော့ ဆင်ခြေလို့ပဲ မြင်တယ် ။ ဝေဖန်ချင်စရာတွေ အများကြီးပါ ၊ ငါမပြောချင် ပါဘူး ။ သူ့မှာ ငါ နဲ့ မတူတဲ့ အမြင်ရှိကောင်း ရှိနိုင်ပါတယ် ။ ပွဲအတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့ သူတွေကို သူတို့ ရွေးခဲ့ကြတာပါ ။ ဒါပေမယ့် တခါလာလည်း အဆင်သင့် မဖြစ်သေးလို့ ၊ နောက်တခါလာလည်း အဆင်သင့် မဖြစ်သေးလို့ ဆိုတာက ကောင်းတဲ့ ဆင်ခြေတော့ မဟုတ်ဘူးလေ”

“မန်စီးတီး နဲ့ ပွဲမှာ ငါ့ကို လေးစားလို့ လူစားမထည့်တာဆိုပြီး စပါး နဲ့ ပွဲကျတော့ ပြီးခါနီး ၃ မိနစ်အလိုမှ ငါ့ကို ဝင် ကစားခိုင်းပြန်တယ် ၊ ဒါက ဘာအဓိပါယ်တုန်း ။ သူ မတင် လုပ်တာလို့ကို ငါ ထင်ခဲ့တယ် ။ ဘာလို့လည်း ဆိုတော့ ဟိုးအရင်တုန်းက ပွဲပြီးဖို့ ၅ မိနစ်လောက် အလိုမှ ငါ့ကို လူစားလဲ ထည့်တာဆိုရင် ဒါက တယောက်ယောက် နာသွားလို့ ၊ ဒါမှမဟုတ် အသင်းက ရလဒ်ကို လိုအပ်နေလို့ ဆိုတာတွေချည်းပါပဲ ။ ငါလည်း ကူညီဖို့ အဆင်သင့် ဖြစ်ခဲ့တာပါ ။ ဒါပေမယ့် ဒီတခါ ကတော့ ငါ့ကို ရန်စတယ်လို့ပဲ ခံစားမိခဲ့တယ် ။ ဒီပွဲကြောင့်တင် မဟုတ်ဘူး ၊ ရှေ့က ကိစ္စတွေ ကြောင့်လည်းပါတယ်”

 

ဆက်လက်ဖော်ပြသွားပါမည် –

 

SPORTS MYANMAR