မာနေး Out ၊ အာဂျင် ၂ ယောက် Out သွားတဲ့ ကမ္ဘာ့ဖလားလူစာရင်း ၊ World Cup အကြိုခြေစမ်းပွဲတွေ ၊ ကလပ်အသင်း သတင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ဆီနီဂေါ အသင်းက စာရင်းထည့် လာပေမယ့် ဆာဒီယို မာနေး ရဲ့ အခြေအနေဟာ တိုးတက်လာခြင်း မရှိတာကြောင့် ကမ္ဘာ့ဖလား ကို လာရောက် ပူးပေါင်း နိုင်တော့မှာ မဟုတ်တာ သေချာသွားကြောင်း ဆီနီဂေါ အသင်းဘက်က အတည်ပြု ထုတ်ပြန်သွားခဲ့ ပါတယ် ။

မာနေး ဟာ မနေ့က သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီး ကမ္ဘာ့ဖလားနဲ့ လုံး၀ လွဲချော်သွားခဲ့ရပါပြီ ။

အာဂျင်တီးနား ကလည်း ဟွာကွင်း ကော်ရီယာ နဲ့ နီကို ဂွန်ဇာလက် တို့ ဒဏ်ရာ ရရှိ သွားကြတာကြောင့် အန်ဟဲ ကော်ရီယာ နဲ့ သီယာဂို အယ်မေးဒါး တို့ကို အစားထိုး ခေါ်ယူခဲ့ ပါတယ် ။

အန်ဟဲ ကော်ရီယာ နဲ့ သီယာဂို တို့ဟာ ကြာသပတေး နေ့က အာဂျင်တီးနား မှာ မိတ်ဆွေတွေ နဲ့ ဘောလုံး ကစားနေရာကနေ သောကြာနေ့ မှာတော့ ကာတာ ကို အပြင်းခရီးနှင်လာခဲ့ ကြရပါပြီ ။

၂၀၁၆ ကတည်းက ဖီဖာ ဥက္ကဌ ဖြစ်လာတဲ့ ဂီယန်နီ အင်ဖန်တီနို ဟာ နောက်ထပ် ဥက္ကဌ သက်တမ်း ကို အနိုင် ရရှိဖို့ အလေးသာနေတယ်လို့ သိရပါတယ် ။ လက်ရှိ မှာ အင်ဖန်တီနို ကို ဖီဖာ အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀၀ ကျော် က ထောက်ခံ ပေးနေတယ်လို့လည်း သိရပါတယ် ။

ပေါ်တူဂီ နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို က အခု ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ဗိုလ်စွဲပါက ဘောလုံး ကစားခြင်းကနေ အနားယူသွားဖို့ စိတ်ကူးထားကြောင်း ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုခဲ့သလို အင်္ဂလန် အသင်းကိုလည်း ဆုဖလား တခုခု ကိုင်မြှောက်စေလိုကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

အီရန် နဲ့ ယှဉ်ပြိုင် ရမယ့် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ ဖီးလ်ဖိုဒန် ၊ မေဆင်မောင့် နဲ့ ဘူကာယို ဆာကာ တို့ ပါဝင် လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

လက်စတာ စီးတီး ဟာ အခု ကမ္ဘာ့ဖလား ကာလ အတွင်း တီလေမန်းစ် ရဲ့ အေးဂျင့် နဲ့ စကားပြောဆိုဖို့ စီစဉ် ထားပြီး နွေရာသီမှာ စာချုပ်ကုန်မယ့် ဘယ်လ်ဂျီယံ ကွင်းလယ်လူကို သက်တမ်းတိုး နိုင်ဖို့ လုပ်ဆောင် သွားမယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို လောင်းကစားနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ပေါင်း ၂၃၂ ခု အတွက် စွဲချက်တင်ထားတယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲယား ဟာ စပိန် ဘောလုံး အဖွဲ့ချုပ် အကြီးအကဲ ထံ က “လက်ရွေးစင် ကနေ နားလိုက်လို့ ဂုဏ်ယူပါတယ်” ဆိုတဲ့ မက်ဆေ့ ကို ရရှိခဲ့မှု အတွက် အံ့သြ ခဲ့ရတယ်လို့ သိရပါတယ် ။

ဒဟဲယား ဟာ လူးဝစ် အန်နရီကေး ရဲ့ စပိန် အသင်းမှာ ရွေးချယ်မခံ ခဲ့ရပေမယ့် လက်ရွေးစင် ကနေ အနားယူဖို့ မဆုံးဖြတ်ထားသေးချိန်မှ အခုလို မက်ဆေ့ ရရှိခဲ့မှုအတွက် နားမလည်နိုင်ခဲ့ဘူးလို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ နွေရာသီမှာ ချဲလ်ဆီး နဲ့ လမ်းခွဲဖွယ် ရှိတဲ့ ပြင်သစ် ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို လက်ဦးမှု ရယူ နိုင်ဖို့ စောင့်ကြည့် နေပြီး အင်တာ မီလန် ကလည်း ကန်တီ ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

ယူဗင်တပ် ဟာ နောက်ထပ် ချဲလ်ဆီး ကစားသမား တယောက် ဖြစ်တဲ့ မေဆင်မောင့် ကိုလည်း ခေါ်ယူဖို့ ဆန္ဒ ရှိနေကြောင်း ကြားသိရ ပါတယ် ။

ယူဗင်တပ် ဟာ ကမ္ဘာ့ဖလား ကာလ အတွင်း အရှေ့အလယ်ပိုင်း မှာ အာဆင်နယ် ၊ လီဗာပူး တို့ နဲ့ ခြေစမ်း ဖလားပွဲ ကစားဖို့ ရှိနေသလို ဘာစီလိုနာ အသင်းနဲ့လည်း ခြေစမ်းဖို့ စီစဉ် နေတယ်လို့ သိရပါတယ် ။

စပါး ၊ PSG နည်းပြဟောင်း ပိုချက်တီနို က သူဟာ အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်းကို နှစ်သက် သဘောကျကြောင်း ဖွင့်ဟ ပြောဆို လာခဲ့ပြီး FA နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိနေတာဟာ ဂါရတ် ဆောက်ဂိတ် အလွန် အင်္ဂလန် လက်ရွေးစင် နည်းပြ ဖြစ်လာနိုင်ချေ ကို မြင့်တက်လာစေခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲတွေ မှာတော့ ပေါ်တူဂီ က နိုက်ဂျီးရီးယား ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင် ရခဲ့ပြီး ဘရူနို ဖာနန်ဒက်စ် က ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။ အဆိုပါ ပွဲကို ရိုနယ်ဒို နဲ့ ပီပီ တို့ မပါဝင် ခဲ့ကြပါဘူး ။

စပိန် အသင်းကလည်း ကူဝိတ် အသင်းနဲ့ ခြေစမ်းခဲ့ပြီး ၃-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဘာဆာ လူငယ်လေးတွေ ဖြစ်တဲ့ အန်ဆုဖာတီ နဲ့ ဂါဗီ တို့ က စပိန် အတွက် ၁ ဂိုးစီ သွင်းပေးခဲ့ကြပြီး နီကို ဝီလ်ယံ က တတိယ ဂိုးကို သွင်းယူပေးခဲ့ တာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR