ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းကို ရွေးချယ်လိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ပက်ထရစ်အီဗရာက လာမည့် တနင်္ဂနွေနေ့မှာ စတင် ကျင်းပတော့မယ် ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းကို ပြောပြသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ လက်ရှိ ချန်ပီယံ ပြင်သစ် ၊ ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနား ၊ အင်္ဂလန် ၊ ဂျာမနီ ၊ စပိန် တို့ဟာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းတွေ အဖြစ် ရပ်တည်နေကြပါတယ်။

ဒါပေမယ့်လည်း အီဗရာက နေမာ ဦးဆောင်လာမယ့် ဘရာဇီး ကသာ ကာတာ ကမ္ဘာ့ဖလားမှာ အသင်းတိုင်း အဓိက ကျော်ဖြတ်သွားရမယ့် အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အီဗရာက “ဘရာဇီးဟာ ကျွန်တော့် အတွက် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ နေမာဟာ လူတော်တော်များများကို အံ့အားသင့်စေလိမ့်မယ်လို့ ထင်ပါတယ်။ သူ့ကို ကြည့်ပြီး ကျွန်တော် ရော်နယ်ဒင်ညိုကို remind ဖြစ်မိပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်ဖို့ အတွက် မကစားပါဘူး။ သူတို့ဟာ ဘောလုံးကို ပျော်ရွှင်ဖို့ နဲ့ ဖျော်ဖြေမှု လုပ်ဖို့ အတွက် ကစားတာပါ။

နေမာဟာ ဒီနှစ်မှာ ဒီအသင်းကို ပခုံးထမ်းကာ အကောင်းဆုံး ပေးချင်နေတာကို ကျွန်တော် မြင်နေရပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်နိုင်တယ် ဆိုတာကို လူတွေထံ သက်သေပြသွားချင်နေပါတယ်။ ဒါ့ကြောင့်လည်း ဘရာဇီးဟာ ကျွန်တော့်ရဲ့ favourite ဖြစ်ပါတယ်။ သူတို့ရဲ့ လူအင်အား ကလည်း တအားကို တောင့်တင်းတယ် မဟုတ်လား?” လို့ ဆိုလိုက်ပါတယ်။

အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အခွင့်အရေးနဲ့ ပက်သက်ပြီး “ပြီးခဲ့တဲ့ Nations League ပွဲစဉ်တွေမှာ ရလဒ်ဆိုးတွေကို ကြုံတွေ့ခဲ့ရတာဟာ အင်္ဂလန် အတွက် တကယ်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ သူတို့ အပေါ် ဖိအားတွေ လျော့ကျသွားစေပါတယ်။ ကျွန်တော် ကတော့ လူတွေ အနေနဲ့ သူတို့ရဲ့ မန်နေဂျာ အပေါ် ဒီထက် ပိုမို ချီးကျူးမှုတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။ သူဟာ ဒီနိုင်ငံကို ယုံကြည်မှုတွေ ပြန်ရှိလာအောင် လုပ်ပေးခဲ့တဲ့သူပါ။

အဓိက ပြိုင်ပွဲကြီးမှာ ဟယ်ရီကိန်း အနေနဲ့ ဦးဆောင်ကာ အစွမ်းပြသွားဖို့ အချိန်လည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတွေမှာ ကိုယ့်ကိုကိုယ် သက်သေပြသွားဖို့ လိုအပ်ပါတယ်။ မက်ဂွိုင်းယား နဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် သူဟာ အင်္ဂလန် အတွက် ကစားပေးတဲ့ အခါတိုင်း တအား ကောင်းအောင် လုပ်ပြထားခဲ့သူလို့ ကျွန်တော် ထင်ပါတယ်။

အင်္ဂလန်ဟာ ဒီ ကမ္ဘာ့ဖလားမှာ နောက်တန်း အစွန်လူ အများအပြားကို လက်လွှတ်ခဲ့ရပါတယ်။ ကျွန်တော် ဒီအတွက် စိတ်ပူမိပါတယ်။ သူတို့ဟာ အသင်းမှာ အရေးအပါဆုံး ကဏ္ဍမှာတော့ ရှိမနေပါဘူး။ ကွင်းလယ်ကသာ အဓိက ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ နောက်တန်း အစွန်လူတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်နေကြကာ သူတို့ဟာ ရလဒ် အပေါ် များစွာ သက်ရောက်မှု ရှိစေနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM